တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၄ ရက်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျားနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ဆက်လက် ပေးအပ်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့် အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းနှင့် ညပိုင်းတွင် Horizon Lake View ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည်ခံခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၄)
- နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ် နိုင်ငံမှ ကူညီထောက်ပံ့သွားမည့် အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment