စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဘင်းမ်စတက်စီးပွားရေး ထိပ်သီးအစည်းအဝေး တက်ရောက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၆ ရက်ညနေ ၆ နာရီတွင် နယူးဒေလီမြို့ရှိ Hotel Taj Palace ၌ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါဘီတျာမာဂါရစ်တာ (Pabitra Margherita)က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ဘင်းမ်စတက် စီးပွားရေးဝန်ကြီးများအဆင့် မျက်နှာစုံညီအစည်းအဝေးကို ဩဂုတ် ၇ ရက်တွင် ဆက်လက်ကျင်းပရာ ဘင်းမ်းစတက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အတူ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမှာစကားများပြောကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဘင်းမ်စတက်၏ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍတွင် ဦးဆောင်နိုင်ငံအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်၏ အစောပိုင်းနိုင်ငံတကာ အသွင်ကူးပြောင်းရေး၏ အလား အလာ ရှိသော ရလဒ်အချို့ဖြစ်သည့် စီးပွားရေးကွဲပြားမှု၊ စီးပွားရေးတိုးတက်မှုနှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးပြောကြားခဲ့ပါသည်။

          ယခုကျင်းပသည့် ဘင်းမ်စတက်စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသည် ကဏ္ဍကြီးငါးခုနှင့် နိုင်ငံ အလိုက်ဆွေးနွေးပွဲများဖြင့် ကျင်းပခြင်းဖြစ်ပြီး တောင်တန်းနှင့် ပင်လယ်ပြင်ဒေသအခြေပြု စီးပွားရေး တွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၌ စွမ်းအင်ဝန်ကြီးဌာနရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ဇော်မြင့်ကလည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကဏ္ဍတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ အလုပ်အမှုဆောင်အရာရှိ ဒေါ်လှလှရီက လည်းကောင်း၊ အမျိုးသမီးစီးပွားစွမ်းအားမြှင့်တင်ခြင်းအစီအစဉ်တွင် UMFCCI မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်ကလည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချောမွေ့သောဂေဟစနစ်ကို ဖန်တီးခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းနိုင်ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှုဆောင်အရာရှိ ဒေါ်နန်း ကလျာဝင်းက လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပါသည်။

          ယခုအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်အပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒရေးရာလေ့လာရေးအဖွဲ့များ၊ သုတေသနအဖွဲ့အစည်းများနှင့် ကဏ္ဍ အလိုက် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ အကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပြီး ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၀ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

                                     သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၄)

  • ဘင်းမ်စတက် စီးပွားရေးဝန်ကြီးများအဆင့် မျက်နှာစုံညီအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက  မြန်မာနိုင်ငံသည် ဘင်းမ်စတက်၏ စိုက်ပျိုးရေးနှင့် စားရေရိက္ခာ ဖူလုံရေးကဏ္ဍတွင် ဦးဆောင်နိုင်ငံ အနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် စီးပွားရေးကွဲပြားမှု၊ စီးပွားရေးတိုးတက်မှု နှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေး ပြော ကြားခဲ့။
  • ယခုအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်အပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒရေးရာလေ့လာရေးအဖွဲ့များ၊ သုတေသနအဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့။

Add new comment