ချစ်ခင်လေးစားရပါတဲ့ မိဘပြည်သူများခင်ဗျာ-
ယခုကာလများအတွင်း နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေများကို ဆက်စပ်တင်ပြလိုပါ တယ်။ အချို့အခြေအနေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့မှုတွေကြောင့် နိုင်ငံတော်မှာမတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒါ့ကြောင့်နိုင်ငံတော်ရဲ့ ယာယီသမ္မတကနေ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်ရဲ့တာဝန်ကို ထိန်းသိမ်းစေခဲ့ပါတယ်။ တပ်မတော်အနေနဲ့ စစ်ဘက်၊ အရပ်ဘက်ပူးပေါင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေး ရေးသည် အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ တိုင်းသိပြည်သိကြေညာခဲ့ပါတယ်။ ဒီလိုနိုင်ငံရေး အပြောင်း အလဲဖြစ်ပြီးချိန်မှာ သာမန်ဆန္ဒပြရာကနေ တဖြည်းဖြည်းမင်းမဲ့စရိုက်ဆန်တဲ့ ဆူပူလှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ NLD အစွန်းရောက်ပါတီဝင်အချို့ရဲ့ဦးဆောင်မှုနဲ့ လက်နက်ကိုင် ဆူပူအကြမ်းဖက် လုပ်ရပ်တွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတင်မကဘဲ အချို့လူငယ်တွေကို ဝါဒမှိုင်းရိုက်သွင်း ပြီးတော့မှ ငြိမ်းချမ်းရေးကိုမလိုလားတဲ့၊ နိုင်ငံတော်အပေါ်သဘောထားမမှန်တဲ့ လက်နက်ကိုင်အဖွဲ့ အချို့ထံမှာ အကြမ်းဖက်စစ်သင်တန်းများ သွားရောက်သင်ကြားစေခဲ့ပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲက NCA ကို လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့များရော၊ NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲက အချို့သော EAO တို့ကပါ PDF အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်ပြုပြီး သင်တန်းများပေးခဲ့တာတွေ့ခဲ့ရပါတယ်။ PDF အကြမ်းဖက်သမားတွေ EAO အဖွဲ့အချို့ထံမှာ အကြမ်းဖက်သင်တန်းများ တက်ပြီးတဲ့နောက်မှာ နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုကို ခြောက်လှန့်နေတာ ဒီနေ့အချိန်အထိပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံတစ်ဝန်း မတည်မငြိမ်မှုတွေ လုပ်ဆောင်တဲ့အချိန်မှာပဲ အချို့သောလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီအပေါ်မှာ အခွင့်အရေးအဖြစ်ဖန်တီးပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်ဖို့ကြိုးပမ်းလာခဲ့ကြပါတယ်။
MNDAA ၊ TNLA ၊ AA သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ၂၀၂၂ ခုနှစ် ဧပြီလက ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကိုငြင်းပယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသမှာရှိတဲ့ တပ်မတော်လုံခြုံရေးတပ်စခန်းများနဲ့ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ အင်အားသုံးစတင် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ်လောက်ကတည်းက လူအင်အား၊ လက်နက်အင်အား စုဆောင်းတာတွေ၊ Drone များကို အသုံးပြုပြီး တိုက်ခိုက်ဖို့လေ့ကျင့်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။ တည်ငြိမ်အေးချမ်း နေတဲ့ နယ်မြေဒေသတစ်ခုလုံးကို စစ်ပွဲဒဏ်သင့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ သောင်းကျန်းသူအဖွဲ့ တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ လမ်းတံတားတွေကစပြီး စီးပွားရေး၊ လူမှုရေး ဆိုင်ရာ အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့ကြပါတယ်။ အစိုးရအနေနဲ့ နယ်စပ်ဒေသတည်ငြိမ် ရေးနဲ့ ဒေသတွင်းပြန်လည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလမှာ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် MNDAA၊ TNLA အဖွဲ့တို့အနေနဲ့ အကြောင်းပြချက် မျိုးစုံပြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မိုးကုတ်မြို့တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုး မြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူလူထုနေထိုင်တဲ့ မြို့ရွာတွေထဲမှာရှိတဲ့ လူနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထားပြီး အဓိကအားဖြင့် အဆင့်မြှင့် တင်ထားတဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တာတွေ၊ Drop Bomb များနဲ့ တိုက်ခိုက်တာတွေကို အကြိမ် ပေါင်းများစွာလုပ်ဆောင်ခဲ့တာ အားလုံးတွေ့မြင်ပြီးဖြစ်ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ လားရှိုးမြို့မှာရှိတဲ့ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ်ကြဲချပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ လူနာများနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ အမျိုးသမီးများ၊ မိသားစုဝင်များနဲ့ ကလေးသူငယ်များအပါအဝင် အချို့လူနာများကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တပ်မတော်ဆေးရုံဆိုတာ တပ်မတော်သားတွေသာမက တပ်မတော်သား မိသားစုဝင်များ၊ ရဟန်းသံဃာများ၊ သာမန်တိုင်းရင်းသား ပြည်သူများ တက်ရောက်ကုသနေတဲ့ ဆေးရုံဖြစ်ပြီး သက်ဆိုင်ရာနယ်မြေအလိုက် ဒေသခံပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း တွေကို နယ်လှည့်ဆေးကုသရေးအဖွဲ့များနဲ့ ဆောင်ရွက်ပေးနေတဲ့ ဆေးရုံများပဲဖြစ်ပါတယ်။ သူတို့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဒေသတွေကိုကြည့်ရင် သူတို့လူမျိုးနေထိုင်တဲ့ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေ တာကိုလည်း တွေ့နိုင်ပါတယ်။ ဥပမာ လားရှိုးမြို့နယ်အတွင်းမှာ ကိုးကန့်လူမျိုးများနေထိုင်တာ ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ရှိပေမယ့် အများစုဟာ လားရှိုးမြို့ပေါ်မှာမဟုတ်ဘဲ ကျေးရွာများမှာသာ နေ ထိုင်ကြပါတယ်။ မြို့ပေါ်မှာ ရှမ်း၊ ဗမာနဲ့ ကချင်တို့သာ အများဆုံးနေထိုင်ကြပါတယ်။ ထို့အတူပဲ ကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှာ ပလောင်လူမျိုးများနေထိုင်မှုက ၁၅ ရာခိုင်နှုန်းပတ်ဝန်းကျင်သာ ရှိပါတယ်။ နောင်ချိုမြို့နယ်မှာဆိုရင်လည်း ပလောင်လူမျိုးနေထိုင်မှုဟာ တစ်ရာခိုင်နှုန်းတောင် မပြည့် ပါဘူး။ ရှမ်း၊ ဗမာ၊ ဓနုလူမျိုးတွေသာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။ ဒီလို အကြောင်းမဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိုးအိမ်တွေကိုစွန့်ခွာပြီး တိုက်ပွဲ ရှောင်များအဖြစ် အခြားဒေသများမှာ သွားရောက်ခိုလှုံနေကြတာကို ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဆီက အဖိုးတန် ရွှေ၊ ငွေ၊ ပစ္စည်းတွေ လုယက်တာတွေ၊ ပြည်သူလူထုစွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်နဲ့ပိုင်ဆိုင်မှုတွေကနေ အဖိုးတန်ပစ္စည်းတွေ ဖောက်ထွင်း ခိုးဝှက်ရယူတာတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ကလေးငယ်တွေကို စစ်မှုထမ်းဆောင်စေပြီး အတင်းအဓမ္မ တိုက်ပွဲဝင်စေတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ထိန်းချုပ် ထားတဲ့ နယ်မြေတွေမှာ အစိုးရအခြေခံအဆောက်အဦတွေ၊ လူမျိုးရေးနှင့်ဘာသာရေး အထိမ်းအမှတ် အဆောက်အဦတွေကို စက်ယန္တရားတွေကိုသုံးပြုပြီး မြေလှန်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိသွားပြီး တရားဥပဒေစိုးမိုးမှုအပြည့်ရှိရင် ဒေသခံပြည်သူတွေကို လက်နက်ပြ ခြိမ်း ခြောက်ပြီး လိုသလိုချုပ်ချယ်မရနိုင်တော့မှာ၊ ကိုယ်ကျိုးစီးပွားရှာလို့မရနိုင်တော့မှာကိုသိတဲ့အတွက် အခုလိုမိုက်တွင်းနက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ MNDAA သောင်းကျန်းသူ အဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ လောက်ကိုင်မြို့မှာရှိတဲ့ ဗမာလူမျိုးများကိုဖမ်းဆီးပြီး မြို့ကနှင်ထုတ်နေတဲ့ သတင်းတွေလည်း တွေ့ရှိနေရပါတယ်။ ဒါပေမယ့် သောင်းကျန်းသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာ့တပ်မတော်ကပဲ တိုက်ခိုက်ဖျက်ဆီးနေတယ်၊ လူမျိုးရေးခွဲခြားနေတယ်ဆိုပြီး စွပ်စွဲထားတာကို လည်းတွေ့ရမှာဖြစ်ပါတယ်။ လောက်ကိုင်မြို့ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့ဖြစ်ပါတယ်။ နိုင်ငံခြားသားများ ဝင်ထွက်မှုပြုလုပ်ခြင်းကို အစိုးရရဲ့ တရားဝင် လုပ်ထုံးလုပ်နည်း၊ ခွင့်ပြုချက်များနဲ့အညီသာ ဆောင်ရွက်ရမယ့်ဒေသဖြစ်ပါတယ်။ ယခင်က တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြတဲ့သူများနဲ့ ပတ်သက်ဆက်နွယ်နေသူများ ပူးပေါင်းပြီးတော့ ကျားဖြန့်ခေါ်အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများနဲ့ တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ ကြပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီလိုတရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ ပတ်သက် ဆက်နွယ်နေသူတွေကို အရေးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ နှိမ်နင်းခြင်းတွေကိုလည်း ပြတ်ပြတ် သားသားဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်မှာလည်း တရားဝင်လုပ်ထုံးလုပ်နည်းများနဲ့အညီ ဝင်ရောက်နေထိုင်ရန် ခွင့်ပြုထားတဲ့ နိုင်ငံခြားသားများမရှိကြောင်း ပြောကြားလိုပါတယ်။ သောင်းကျန်းသူ အဖွဲ့တွေအနေနဲ့ ယခုအချိန်အခါမှာလည်း ကျောက်မဲ၊ နောင်ချိုဒေသများမှာရှိတဲ့ တပ်မတော် လုံခြုံရေး တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ အပြင်းအထန်တိုက်ခိုက်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့လုပ်ရပ်များနဲ့ ထုတ်ပြန်ချက်များကို မှန်ကန်စွာခွဲခြားပြီး ရှုမြင်ဖို့၊ ဝိုင်းဝန်းဆန့်ကျင် ကြဖို့လည်း အရေးကြီးပါတယ်။
AA သောင်းကျန်းသူအဖွဲ့ဆိုရင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာပဲ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းနဲ့ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်မှုတွေဖြစ်အောင် စတင်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးစခန်းတွေ၊ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအစုံကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူများအနေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ အခြားမြို့တွေကို တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။ ယခုအချိန်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ၊ အေးချမ်းစွာနေထိုင်လိုတဲ့ ရခိုင် ပြည်နယ်တောင်ပိုင်းရှိ မြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာတွေ့ရပါတယ်။ ရခိုင် ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်းနေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ် များဟာ ကိုယ့်လူမျိုးကိုကိုယ်ပြန်ဖျက်ဆီးနေသလိုဖြစ်နေတာလည်းတွေ့ရပါတယ်။ တပ်မတော် အနေနဲ့ လည်း နယ်မြေဒေသတွေ ပြန်လည်တည်ငြိမ်အေးချမ်းဖို့အတွက် ဒေသခံပြည်သူများနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အလားတူ KIA အဖွဲ့ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းမှာရှိတဲ့ PDF အမည်ခံအကြမ်းဖက်သမားများကို လက်နက်များ တပ်ဆင်ပေး တာတွေ၊ အကြမ်းဖက်စစ်သင်တန်းပေးတာတွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက်ဖြစ် အောင်ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ်ဆက်နယ်မြေများမှာလည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက်အိုးအိမ်နဲ့ မြို့ရွာများဖျက်ဆီးနေမှုရဲ့ အဓိကအရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လကတည်းက ကချင် ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများနဲ့ မြို့ရွာများကိုလည်း အင်အားသုံးတိုက်ခိုက်လာ တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် CNF အဖွဲ့ဟာဆိုရင်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ် အတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်းသား ပြည်သူ တို့ရဲ့ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။
အလားတူ KNU အဖွဲ့မှ အချို့ခေါင်းဆောင်များဟာဆိုရင်လည်း သူတို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်သော်လည်း သဘောတူချက်တွေကို ဖောက်ဖျက်လာတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေကို အကြမ်းဖက်သင်တန်းများ သင်ကြားလေ့ကျင့်ပေးတာတွေ၊ လက်နက်များ တပ်ဆင်ပေး တာတွေကို ပြုလုပ်ခဲ့ကြပြီးတော့မှ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများ၊ မြို့ရွာ များကို အင်အားသုံးတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် မှာဆိုရင် ကော့ကရိတ်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်မှာဆိုရင် သင်္ကန်းညီနောင်မြို့နဲ့ ဧပြီလ ၁၀ ရက် မှာ မြဝတီမြို့တို့ကို တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ KNU အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြောင့် ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာပြည်သူလူထု အားထားနေရတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနဲ့ နိုင်ငံအတွက် များစွာနစ်နာခဲ့ပါတယ်။ ဒါတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ဒေသတွင်းအမြန်ဆုံးတည်ငြိမ် အေးချမ်းမှုရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိနေပါတယ်။ လက်ရှိမှာလည်း KNU အနေနဲ့ တပ်မဟာ(၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ် တစ်ဝိုက်မှာ တိုက်ကွက်များ ဖော်ဆောင်နိုင်ရေးလက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်း ကြံစည်လျက်ရှိနေတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။
KNPP/KNDF အဖွဲ့နှင့်ပတ်သက်ပြီး KNPP/KNDF သောင်းကျန်းသူ အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာရှိပါတယ်။ KNPP/KNDF အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုမလိုလားတဲ့ ဒေသခံ ပြည်သူတွေရဲ့ သတင်းပေးမှုတွေကြောင့် KNPP/KNDF သောင်းကျန်းသူအဖွဲ့ဝင်များကိုလည်း ချေမှုန်း နိုင်ခဲ့ပါတယ်။ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များကလည်း စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ ခုခံတိုက်ခိုက်နေကြတဲ့အတွက် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ KNPP/KNDF သောင်းကျန်းသူတွေအနေနဲ့ လွိုင်ကော်မြို့ကို မအောင်မြင်တဲ့အခါ ရှမ်းပြည်နယ်နဲ့အစပ်ဖြစ်တဲ့ ဆီဆိုင်ဒေသဘက်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဆီဆိုင်ဒေသဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့အတွက် ပအိုဝ်းပြည်သူ့စစ်များနဲ့ ဒေသခံပြည်သူများကလုံးဝလက်မခံဘဲ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ လွိုင်ကော်နဲ့ဆီဆိုင်ဒေသ တို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ ကယားပြည်နယ် တစ်ခုလုံး ယခင်လို တည်ငြိမ်အေးချမ်းမှုအပြည့်အဝရရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါမှာ အဖျက်စိတ်နဲ့ ပြည်သူအများအပြား ထိခိုက်စေခဲ့သလို မြို့ရွာများကို ဖျက်ဆီးခဲ့တာကိုလည်း တွေ့ရပါတယ်။
လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုး ရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့ဟာ လက်နက်ကိုင်သောင်းကျန်းသူတွေ၊ နိုင်ငံရေးသဘောထား ကွဲလွဲ သူတွေက အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးရရှိအောင်၊ အစား အသောက်ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများ ရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှုအခွင့်အလမ်းများရရှိအောင်လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာ များကိုလည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်အောင် ကူညီပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်းမီးကျောက် စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာကို သိရှိရ ပါတယ်။ အဲ့ဒီလက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့လက်နက်ခဲယမ်းတွေကို PDF အမည်ခံအကြမ်းဖက် သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲ့ဒီစက်ရုံများက ထုတ်လုပ်တဲ့လက်နက် ခဲယမ်းများဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုလက်နက် ခဲယမ်းမီးကျောက်စက်ရုံများ ထူထောင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အားများ များစွာလိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာ အင်အားဘယ်နေရာကရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက်များဟာ ဆိုရင်လည်း ထိုင်း-မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲဖြစ် ပါတယ်။ EAO အဖွဲ့တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေး စက်တွေ၊ Drone တွေ၊ လက်နက်ခဲယမ်းတွေဟာ အဆိုပါအရင်းအမြစ်တွေက ရရှိနေတာပဲဖြစ် ပါတယ်။
MNDAA၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ ဆက်စပ်အဖွဲ့တွေသုံးနေတဲ့ Drop Bomb တွေ၊ ရှော့တိုက်ဒုံးတွေဟာ နည်းပညာအရ အဆင့်မြှင့်တင်ပြင်ဆင်ထားတဲ့ ပစ္စည်းများဖြစ်ကြောင်း လည်း တွေ့ရှိရပါတယ်။ သူတို့သုံးစွဲနေတဲ့ Drone တွေဟာ ပြည်ပဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစားနည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမိုအသုံးဝင်အောင် ပြုပြင်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒီလိုအကြမ်းဖက်သောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ အရပ်သားပြည်သူတွေမထိခိုက်စေဖို့ ချမှတ်ထားတဲ့ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများနှင့် အကြမ်းဖက်သောင်းကျန်းမှု နှိမ်နင်းရေးဆိုင်ရာ တည်ငြိမ်မှု စစ်ဆင်ရေး အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနဲ့အညီ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် ခဲ့ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံး အတူတကွစုစည်းပြီး နေထိုင်ကြတဲ့ နိုင်ငံဖြစ်ပြီး တောတောင်ရေမြေက စပြီးလုပ်ကိုင်နေကြတဲ့ စီးပွားရေးအခြေအနေများအထိ ခွဲခြားလို့ မရတာ တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံအတွင်း မည်သည့်ချုပ်ချယ် ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာကုန်စည်ကူးသန်း ရောင်းဝယ်ခွင့်ရရှိရမှာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဟာ အလိုလိုဆုံးရှုံးလျက်ရှိပါတယ်။ ဒီလိုလူမျိုးနှီးနွှယ်တူညီမှု၊ ဘာသာစကား နှီးနွှယ်တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာတို့နဲ့ အညီအညွတ်ရှိမှုတို့ကို မထောက် ထားဘဲ သမိုင်းမှာမရှိခဲ့ဖူးတဲ့ ဒီလိုဆိုးရွားတဲ့ လူမျိုးစွဲဝါဒနဲ့ လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့ လုပ်ရပ် မျိုးကို လုံးဝလက်ခံမှာလည်းမဟုတ်ပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး တစ်နိုင်ငံလုံးရဲ့ နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်ရာဒေသလည်း ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် ဒေသခံပြည်သူများဟာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် လူမှုစီးပွားဘဝတွေ၊ ကလေးငယ်တွေရဲ့ ပညာရေးတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ဘဝတွေဟာ ဘယ်လိုအိပ်မက်မှမက်ခွင့်မရတော့ဘဲ ဆိတ်သုဉ်း ရတော့မှာပဲ ဖြစ်ပါတယ်။ သောင်းကျန်းသူခေါင်းဆောင်တွေရဲ့ စစ်ဘုရင်ဝါဒတွေ ပြန်လည်ကြီးစိုး လာမှုနဲ့အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင်ဝါဒကြီးစိုးခဲ့တဲ့ဒေသတွေလို ဥပဒေမဲ့ အနိုင်ကျင့် ခံရမှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းတွေနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ ဘောပင်အစား သေနတ်တွေကိုင်ရင်းနဲ့ ပြန်လည်ရှင်သန်ကြရတော့မှာလည်း ဖြစ်ပါတယ်။ အလင်းထဲက နေအမှောင်ထဲကို ပြန်ရောက်ရတော့မယ့်အခြေအနေလည်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလို အခြေအနေမျိုး ပြန်ရောက်ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီလိုအခြေအနေမျိုး ရောက်မှာကိုလည်း လုံးဝခွင့်ပြုပေးမှာ မဟုတ် ပါဘူး။
ဒီနေရာမှာ စီးပွားရေးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေး အင်အားတောင့်တင်းမှ ကျန်ရှိတဲ့အင်အားများဟာလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးအရကျဆင်းပြီး နိုင်ငံရဲ့ကာကွယ်ရေးအင်အားလျော့နည်းအောင် မိမိတို့နိုင်ငံအပေါ်မှာ စီးပွားရေးအရ ပိတ်ဆို့တာတွေ၊ ကောလာဟလသတင်းများ ဖြန့်တာတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ် ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ကြိုးစားဖြေရှင်းဆောင်ရွက်ပြီး နိုင်ငံ့ စီးပွားတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံ့စီးပွားကောင်းမွန်စေဖို့အတွက် ထုတ်ကုန်များစွာ လိုအပ်တာကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်များ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွား ကြရမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အဓိကကျပြီး လက်ဆုပ်လက်ကိုင်ရှိနေတဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိ နေရာများရဲ့လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ပြည်သူများ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေး စဉ်းစားပြီး ဆုတ်ခွာခဲ့ရတာလည်းရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့ တွေနဲ့ နောက်ကွယ်ကနေ အားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ကိုခိုင်းစေတဲ့နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက် ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ် ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ အသက်၊ သွေးချွေးများ ရင်းနှီးပေးဆပ်ပြီး ကြိုးစားကာကွယ်ပေးကြတဲ့ ခေတ်အဆက်ဆက်က မြန်မာ့ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ပြည်သူများဟာ မြန်မာပြည်ကြီးရဲ့ဦးဆောင်လမ်းပြတဲ့ သူရဲကောင်းတွေအဖြစ် အမြဲတည်ရှိနေမှာပါ။ အသိအမှတ်ပြု လေးစားအမှတ်ရနေမှာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်သားတွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်၊ ဇွဲမာန်ပြင်းပြမှုတွေကြောင့် နိုင်ငံတော်မှာ လက်နက်ကိုင်အကြမ်းဖက်တဲ့ လမ်းစဉ်ချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုအပြည့်နဲ့ ပြည်သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားရမှာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိဖို့အတွက် ပြည်သူထဲက ပေါက်ဖွားလာတဲ့ အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိပြီး စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့စိတ် တစ်ခု တည်းနှင့်သာ မျိုးချစ်လူငယ်များနဲ့ စတင်တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီတပ်မတော်ကပဲ အခက်အခဲအမျိုးမျိုးကြားကနေ ပြည်သူ တစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်တစ်ခုလုံးရဲ့ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို နိုင်ငံချစ်စိတ်ရှိသည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တစ်ခဲနက်ဆောင်ရွက်ပေးနေကြတာကိုလည်း အားရ ဖွယ်ရာတွေ့ရပါတယ်။ အလားတူ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူ့ အဖွဲ့အစည်းအသီးသီးက အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချတာ၊ မျိုးချစ်စိတ်၊ နိုင်ငံချစ် စိတ်ကိုအရင်းခံပြီး Volunteer ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက တပ်မတော်နှင့်နိုင်ငံတော်ကို ဝိုင်းဝန်း ပြောဆို ထောက်ခံအားပေးနေတာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ ယခုလိုဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ခွန်အားများဖြစ်ပေါ်ရသည်ကို လည်းပြောကြားလိုပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ရရှိပြီးသားလွတ်လပ်ရေးကြီး တည်တံ့နေဖို့၊ ပြည်ထောင်စုကြီး တည်တံ့နေဖို့ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဒီနေ့အချိန်အထိလည်း ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အခါမှာလည်း နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်ရင်းကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစုဝင်များအတွက်များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုကို ဘယ်တော့မှမေ့ပျောက်ပစ်မှာမဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရ၊ တပ်မတော်အနေနဲ့ ချီးကျူးဂုဏ်ပြုခြင်းများ၊ ရရှိရမယ့်အခွင့်အရေးများနဲ့ ကူညီစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်သားတိုင်းဟာ ရှေးက လွတ်လပ်ရေးအတွက် အသက်ခန္ဓာစွန့်လွှတ်ကာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်တွေလိုပဲ တန်ဖိုးရှိတဲ့ ပြည်သူ့သားကောင်းရတနာတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း ခေတ်အဆက်ဆက်ပေါ်ပေါက်လာတဲ့ ပြည်ပကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ဒဏ်ကို မြန်မာ့တပ်မတော်နဲ့လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့သူ တွေပဲဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ပြည်တွင်းပြည်ပ အန္တရာယ်တွေကို ရင်ဆိုင်ကျော် ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းလည်းရှိကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေ သတိပြုရမှာက ဒီနေ့ကမ္ဘာ့ရေးရာ အခြေအနေတွေဟာ အင်မတန်မှ နက်နဲရှုပ်ထွေးလာတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့လို ပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင် ဆင်နွှဲနေတဲ့ တရားသောစစ်အောင်မြင်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးက ယုံကြည်စွာနဲ့ ဝိုင်းဝန်း ပေးကြဖို့လိုအပ်ပါတယ်။ တပ်မတော်နဲ့ မျိုးချစ်ပြည်သူလူထုရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ ခိုင်မြဲရပါမယ်။ တည်တံ့ခိုင်မြဲအောင်လည်း လုပ်ဆောင်ပါမယ်။ စည်းလုံးသောအင်အားဖြင့် အမိ နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ကြပါစို့ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၈-၂၀၂၄)
- ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော သာမန်ဆန္ဒပြရာမှတစ်ဆင့် နိုင်ငံအတွင်း တဖြည်းဖြည်း မင်းမဲ့စရိုက်ဆန်သည့် ဆူပူလှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ပြီး NLD အစွန်း ရောက်ပါတီဝင်အချို့၏ဦးဆောင်မှုဖြင့် လက်နက်ကိုင် ဆူပူအကြမ်းဖက်လုပ်ရပ်တွေကို စတင် လုပ်ဆောင်ခဲ့။
- PDF အကြမ်းဖက်သမားများ EAO အဖွဲ့အချို့ထံ၌ အကြမ်းဖက်သင်တန်းများတက်ပြီးနောက် နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူ လူထုကို ခြောက်လှန့်နေသည်မှာ ယနေ့အချိန်အထိပင်ဖြစ်။
- နိုင်ငံတစ်ဝန်း မတည်မငြိမ်မှုတွေ လုပ်ဆောင်နေမှုအပေါ် အချို့သောလက်နက်ကိုင်အဖွဲ့များက အခွင့်အရေးအဖြစ်ဖန်တီးပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်ရန် ကြိုးပမ်းလာခဲ့။
- MNDAA၊ TNLA၊ AA သောင်းကျန်းသူအဖွဲ့တွေအနေဖြင့် နိုင်ငံတော်အစိုးရ၏ ၂၀၂၂ ခုနှစ် ဧပြီလက ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးကမ်းလှမ်းချက်များကိုငြင်းပယ်ပြီး ရှမ်း(မြောက်) နယ်စပ်ဒေသရှိ တပ်မတော်လုံခြုံရေးတပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၌ အင်အားသုံးစတင် တိုက်ခိုက်ခဲ့။
- အစိုးရအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဒေသတွင်းပြန်လည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလမှာ သဘောတူညီခဲ့သော်လည်း MNDAA၊ TNLA အဖွဲ့များက အကြောင်းပြချက်မျိုးစုံပြပြီး သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိုးကုတ်မြို့တို့ကို တိုက်ခိုက်ခဲ့။
- ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးရှိ ပြည်သူလူထုနေထိုင်သော လူနေအိမ်များ၊ ဆေးရုံများ၊ စာသင် ကျောင်းများနှင့် ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထားပြီး အဆင့်မြှင့်တင်ထားသည့် ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို အကြိမ်ပေါင်းများစွာ လုပ် ဆောင်ခဲ့တာ အားလုံးတွေ့မြင်ပြီးဖြစ်။
- ဩဂုတ်လ ၂ ရက်နေ့၌ လားရှိုးရှိ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ် ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လူနာများ၊ ကျန်းမာရေးဝန်ထမ်းများကို ပစ်ခတ်သတ် ဖြတ်ခြင်း၊ အမျိုးသမီးများ၊ မိသားစုဝင်များနှင့် ကလေးသူငယ်များအပါအဝင် အချို့လူနာများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလုပ်ဆောင်ခဲ့။
- စစ်ဘေးရှောင် ပြည်သူတွေထံမှ ရွှေ၊ ငွေ၊ ပစ္စည်းများ လုယက်ခြင်း၊ ပြည်သူ လူထုစွန့်ခွာ ထွက် ပြေးခဲ့ရသည့် အိုးအိမ်နှင့်ပိုင်ဆိုင်မှုများက အဖိုးတန်ပစ္စည်းများဖောက်ထွင်း ခိုးဝှက်ယူဆောင် ခြင်း၊ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ကလေးငယ်များကို စစ်မှု ထမ်းဆောင်စေပြီး အတင်းအဓမ္မ တိုက်ပွဲဝင်စေခြင်းများကို ပြုလုပ်ခဲ့။
- MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် လက်ရှိအချိန်၌ လောက်ကိုင်ရှိ ဗမာလူမျိုးများကို ဖမ်း ဆီးပြီး မြို့မှနှင်ထုတ်နေသော်လည်း သောင်းကျန်းသူအဖွဲ့များ၏ ထုတ်ပြန်ချက်များ၌ မြန်မာ့ တပ်မတော်ကသာ တိုက်ခိုက်ဖျက်ဆီးနေကြောင်းနှင့် လူမျိုးရေးခွဲခြားနေကြောင်း စွပ်စွဲရေးသား ထားသည်ကို တွေ့ရှိရမည်ဖြစ်။
- AA သောင်းကျန်းသူအဖွဲ့သည်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၌ပင် ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲကင်းစခန်းငယ်တစ်ခုဖြစ်သော ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းရှိ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး/ တပ်စခန်း များကို တိုက်ခိုက်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအစုံကို ဖျက်ဆီးခဲ့။
- KIA အဖွဲ့က ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများကို လက်နက်များ တပ်ဆင်ပေးခြင်း၊ အကြမ်းဖက်စစ်သင်တန်းပေးခြင်း များကို လုပ်ဆောင်လာခဲ့။
- CNF အဖွဲ့သည်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်းပြီး ချင်းပြည်နယ် ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့မြို့ရွာများ တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေကြသော တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွား ဘဝများ ထိခိုက်နစ်နာပျက်စီးခဲ့ရ။
- KNU အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာပျက်စီးခဲ့ရသည့်အပြင် မြန်မာပြည်သူလူထု အားထားနေရသော နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနှင့် နိုင်ငံအတွက်များစွာ နစ်နာခဲ့ရ။
- KNPP/KNDF အဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော် မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်တွေကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုတွေကြောင့် ၎င်းတို့ကို ချေမှုန်းနိုင်ခဲ့သလို တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များကလည်း စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်ဖြင့် ခုခံ တိုက်ခိုက်နေကြသဖြင့် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့။
- ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူများ အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြသော အဖွဲ့အစည်းများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါးများ၊ လက်နက်ခဲယမ်း မီးကျောက်များ၊ နည်းပညာများ ရရှိစေရန်နှင့် အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများရရှိစေရန် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ် စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိ။
- တရုတ်-မြန်မာ နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်ခဲယမ်းမီးကျောက် စက်ရုံများ တည် ထောင်၍ လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေကြပြီး အဆိုပါ လက် နက်ခဲယမ်းများကို PDF အမည်ခံအကြမ်းဖက်သမားများနှင့် အခြား EAO အဖွဲ့များအား ထောက် ပံ့ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နေသည်ကိုတွေ့ရှိရ။
- လက်နက် ခဲယမ်းမီးကျောက်စက်ရုံများ ထူထောင်ဖို့ဆိုတာ သာမန်အခြေအနေနှင့်မဖြစ်နိုင်ဘဲ ငွေကြေးအင်အားနှင့် နည်းပညာအင်အားများ များစွာလိုအပ်သည့်အတွက်ကြောင့် ၎င်းစက်ရုံများ လည်ပတ်ရန် ငွေကြေးနှင့် နည်းပညာ အင်အား မည်သည့်နေရာကရရှိသည်ကိုလည်း ဆန်းစစ် သွားရမည်ဖြစ်။
- မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေသော လက်နက်များသည် ထိုင်း-မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းမှတင်သွင်းလာသည့် လက်နက်များဖြစ်သလို EAO အဖွဲ့များနှင့် PDF အကြမ်းဖက်သမားများ ကိုင်ဆောင်နေသော ဆက်သွယ်ရေးစက်များ၊ Drone များ၊ လက်နက်ခဲယမ်းများသည်လည်း အဆိုပါအရင်းအမြစ်များမှ ရရှိနေခြင်းပင်ဖြစ်။
- MNDAA၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်စပ်အဖွဲ့တွေသုံးနေတဲ့ Drop Bomb များ၊ ရှော့တိုက်ဒုံးများသည် နည်းပညာအရ အဆင့်မြှင့်တင်ပြင်ဆင်ထားတဲ့ ပစ္စည်းများဖြစ်ပြီး ၎င်းတို့ကို ပြင်ပကြေးစားနည်းပညာရှင်များနှင့်ပူးပေါင်း၍ နည်းပညာအရ အဆင့်မြှင့်တင်ခြင်း၊ တိုက်ပွဲမှာ ပိုမိုအသုံးဝင်အောင် ပြုပြင်ခြင်းများလုပ်ဆောင်ထားတာတွေကိုလည်း တွေ့ရှိရ။
- အကြမ်းဖက်သောင်းကျန်းသူများ တိုက်ခိုက်ခဲ့တဲ့အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ မထိခိုက်စေရန် ချမှတ်ထားသောကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့် အကြမ်းဖက်သောင်းကျန်းမှုနှိမ်နင်းရေးဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများနှင့်အညီ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့။
- သောင်းကျန်းသူခေါင်းဆောင်များ၏ စစ်ဘုရင်ဝါဒများ ပြန်လည်ကြီးစိုးလာမှုနှင့်အတူ ဒေသခံများ အနေဖြင့် ဟိုးယခင်က စစ်ဘုရင်ဝါဒကြီးစိုးခဲ့သောဒေသများကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုများ၊ တရားမဲ့သတ်ဖြတ်ခံရမှုများ၊ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းများနေရာ၌ မူးယစ်ဆေးဝါးနှင့် လောင်း ကစားလုပ်ငန်းများပြန်လည်ရှင်သန်ကြရတော့မည်လည်းဖြစ်။
- ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိ နေရာများ၏ လုံခြုံရေးနှင့် လာရောက်ခိုလှုံနေသည့်ပြည်သူများ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေး စဉ်းစားပြီး ဆုတ်ခွာခဲ့ရသည်ကို MNDAA၊ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ပြည်တွင်းပြည်ပက လောက်ကောင်များနှင့်ချိတ်ဆက်ပြီး ၎င်းတို့ကိုခိုင်းစေသည့် နိုင်ငံများ၏ အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိ ခြင်းများ လုပ်ဆောင်နေလျက်ရှိ။
- မိမိတို့အနေဖြင့် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အကြမ်းဖက် တိုက်ခိုက် ခြင်းဖြင့် ဖြေရှင်းနေမှုများကို လုံးဝလက်မခံဘဲ ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည့်အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။
- မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းရန် အသက်၊ သွေးချွေးများ ရင်းနှီးပေးဆပ်ပြီး ကြိုးစားကာ ကွယ်ပေးကြသော ခေတ်အဆက်ဆက်က မြန်မာ့တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မျိုးချစ်စိတ်ဓာတ်ရှိသော ပြည်သူများသည် မြန်မာပြည်ကြီး၏ ဦးဆောင်လမ်းပြသော သူရဲကောင်းများအဖြစ် အမြဲအသိအမှတ်ပြု လေးစားအမှတ်ရနေမည်ဖြစ်။
- ရှေ့တန်းစစ်မျက်နှာအသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင် နေကြသည့် တပ်မတော်သားတွေကို နိုင်ငံချစ်စိတ်ရှိသည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တစ်ခဲနက် ဆောင်ရွက်ပေးနေကြတာကိုလည်း အားရဖွယ်ရာတွေ့မြင်ရ။
- တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် နိုင်ငံရေးပါတီများနဲ့ ပြည်သူ့ အဖွဲ့အစည်းအသီးသီးက အကြမ်းဖက် လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချခြင်း၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး Volunteer ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက တပ်မတော်နှင့် နိုင်ငံတော်ကို ဝိုင်းဝန်းပြောဆို ထောက်ခံအား ပေးနေသည်ကိုလည်း တွေ့ရှိရ။
- နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်ရင်းကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစုဝင်များ၏ စွန့်လွှတ်စွန့်စားမှုကို ဘယ်တော့မှမေ့ပျောက်ပစ်မည်မဟုတ်သလို နိုင်ငံတော် အစိုးရ၊ တပ်မတော်အနေဖြင့် ချီးကျူးဂုဏ်ပြုခြင်းများ၊ ရရှိရမည့်အခွင့်အရေးများနှင့် ကူညီစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးသွားမည်လည်းဖြစ်။
- ယနေ့ကမ္ဘာ့ရေးရာ အခြေအနေတွေသည် အင်မတန်မှ နက်နဲရှုပ်ထွေးလာသောကြောင့် မြန်မာ နိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ရန်လိုပြီး စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မည်လည်းဖြစ်။
- ခေတ်အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ် ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ်အောင်မြင်ရန် မိမိတို့ ပြည်သူအားလုံးက ယုံကြည်စွာဖြင့် ဝိုင်းဝန်း ပေးကြရန်လို။
Add new comment