မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/ ၂၀၂၄) ကြိမ်မြောက် အစည်းအဝေးက လျှပ်စစ်သုံးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုကို ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၅ ရက်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ယခုအစည်းအဝေးက ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံတော်က အားပေးမြှင့်တင် လျက်ရှိသည့် လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းလည်း ပါဝင်ပြီး အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ တို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄ သန်းနှင့် ကျပ် ၅၇၃၅၁ ဒသမ ၉၇၆ သန်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများသည် စင်ကာပူနိုင်ငံ၊ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၈-၂၀၂၄)

  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ခုကို ခွင့်ပြုပေးခဲ့၊ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ သန်းနှင့် ကျပ် ၅၇၃၅၁ ဒသမ ၉၇၆ သန်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်။

 

 

Add new comment