ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တီဟီရန်မြို့၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတက်ရောက်

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက်ဘက်ဂါဂါ လီဘာ့ဖ်၏ ဖိတ်ကြားချက်အရ အီရန်နိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၃၀ ရက်တွင်  တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ် မစ္စတာမာဆော့ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ နိုင်ငံပေါင်း (၈၀) ကျော်မှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အထူးကိုယ်စားလှယ်များ တက်ရောက်ကြပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အီရန်သမ္မတ မစ္စတာ မာဆော့ပါဇက်ရှ်ကီရမ်က တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အခြားသောနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အတူ တက်ရောက်ခဲ့ပါသည်။

အီရန်နိုင်ငံသို့ ရောက်ရှိစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အခမ်းအနား တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီး ခရီးစဉ်အတွင်း အိမ်ရှင်အီရန်အစိုးရက ကိုယ်စားလှယ်အဖွဲ့များအား တီဟီရန်မြို့ရှိ အီရန်အမျိုးသားပြတိုက်နှင့် အီရန်ရှေးဟောင်းသုတေသနနှင့်အနုပညာပြတိုက်တို့သို့ ပို့ဆောင်ပြသပေးခဲ့ကြောင်းနှင့် ဩဂုတ်လ ၁ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၄)

  • ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အခမ်းအနားတက်ရောက်လာကြ သည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့။

 

Add new comment