ငြင်းမရနိုင်သော သက်သေများ

ခေါင်းစဉ်ကိုဖတ်မိတာနဲ့ ဘာတွေကိုငြင်းနေသလဲဆိုတာကို သိချင်ကြမယ် ထင်ပါတယ်။ ငြင်းမရနိုင်တဲ့သက်သေများလို့ ဆိုတဲ့အတွက် ဒီဆောင်းပါးမှာတင်ပြမယ့် အကြောင်းအရာများသည် ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေမဟုတ်ကြောင်း လက်တွေ့ ဖြစ်စဉ်များနဲ့တကွ ရှင်းပြသွားမှာဖြစ်ပါတယ်။ ရှင်းပြချက်တွေကို နိုင်ငံရေးအရောင် အသွေးမပါဘဲ ကြားနေပြည်သူတစ်ဦးအနေနဲ့ ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင်တော့ ငြင်းလို့မရနိုင်တဲ့ သက်သေများရဲ့အဖြေက ပိုမိုရှင်းလင်းမှာ ဖြစ်ပါတယ်။

ငြင်းနေတဲ့အကြောင်းအရာကတော့ NUG အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်း ဟုတ်/မဟုတ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အချို့သံတမန်အသိုင်းအဝိုင်း ကြားမှာ NUG အဖွဲ့ကို မြန်မာပြည်သူလူထုအများစုက ထောက်ခံနေတဲ့အတွက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ ခက်ခဲတယ်ဆိုတဲ့ လွဲမှားတဲ့ အကြောင်းပြချက်မျိုး ကိုလည်း အံ့ဩဖွယ်ရာ ကြားသိနေရပါတယ်။ လက်တွေ့ မြန်မာပြည်သူတွေအကြားမှာ တော့ NUG ကို ထောက်ခံနေသူတွေ၊ ပါဝင်လှုပ်ရှားသူတွေဖက်က သူတို့လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်မဟုတ်ကြောင်း ငြင်းဆိုနေကြသလို၊ တစ်ဖက်မှာလဲ NUG အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူအများစုကတော့ ရက်စက်ကြမ်းကြုတ် လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်တယ်လို့ မြင်နေကြပါတယ်။ ဒါကြောင့်လည်း NUG အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်း ဟုတ်၊မဟုတ်ဆိုတဲ့အချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။

NUG/PDF အကြမ်းဖက်အဖွဲ့တွေကို ပြည်သူအများစုက ထောက်ခံနေတယ် ဆိုတဲ့ နိုင်ငံတစ်ချို့ရဲ့ထင်မြင်ချက်က NLD ကို မြန်မာနိုင်ငံက လူအများစုထောက်ခံနေ တယ်ဆိုတဲ့ ထင်မြင်ချက်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ First-past-the-post (FPTP) ရွေးကောက်ပွဲစနစ်ကြောင့် သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်လို့ ဆိုကြပေမယ့် လက်တွေ့မှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၈,၀၂၀,၂၉၇ ဦး (၃၈ သန်းကျော်) မှာ ၂၆,၃၆၈,၂၀၇ ဦး (၂၆ သန်းကျော်) မဲလာပေးခဲ့ပြီး NLD ပါတီကရရှိခဲ့တဲ့ ထောက်ခံမဲပေါင်း ၁၂ သန်းသာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ရင် မဲလာပေးခဲ့တဲ့ ပြည်သူထဲမှာတောင် NLD ကိုမထောက်ခံသူက ၁၄ သန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် NLD ကို မြန်မာ ပြည်သူအားလုံးက ထောက်ခံနေကြတယ်လို့ ပြည်တွင်း/ပြည်ပမှာ ပျံ့နှံနေတဲ့ ယူဆချက် က ချဲ့ကားပုံဖော်မှုခံခဲ့ရခြင်းသာဖြစ်ပါတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ NLD အစိုးရရဲ့သက်တမ်း ၅ နှစ်တာ ကာလ အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးအဖက်ဖက်မှာ မအောင်မြင်ခဲ့ တဲ့အပြင် တိုင်းရင်းသားများနဲ့ အဆင်မပြေဖြစ်ခဲ့ရခြင်းကြောင့် ပြည်သူလူထုရဲ့ ထောက်ခံမှု ထပ်မံကျဆင်းလာခဲ့တာ အားလုံးသိတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုပြောလို့ NLD ပါတီကိုဆန့်ကျင်စိတ်နဲ့ တစ်ဖက်သတ်စွပ်စွဲတယ်လို့ မထင်စေချင်ပါဘူး။ NLD အစိုးရ ၅ နှစ်တာကာလ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့မှုတွေကတော့ အများသတိထားမိတဲ့ကိစ္စ ဖြစ်ပြီး NLD ပါတီကို ထောက်ခံသူများကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့၊ အားမလိုအားမရဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်များဖြစ်ပါတယ်။ NLD ပါတီက တာဝန်ရှိသူတွေ ကိုယ်တိုင် ဝန်ခံထုတ်ဖော် ပြောကြားထားတဲ့ အထောက်အထားတွေလည်းရှိပါတယ်။

တပ်မတော်က နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရ ထိန်းသိမ်းလိုက်ရပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က လူဦးရေအများဆုံးဆန္ဒပြခဲ့ကြတဲ့နေ့မှာတောင် လူဦးရေ ၅ သန်းကျော်ခန့် (မြန်မာ နိုင်ငံလူဦးရေရဲ့ ၉.၅၂ ရာခိုင်နှုန်း) သာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံတကာကမွေးမြူထားတဲ့ ပြည်တွင်း/ပြည်ပ မီဒီယာတွေ၊ တက်ကြွလှုပ်ရှားသူ (Activitists) တွေနဲ့ လူမှုရေးအရဩဇာလွှမ်းမိုးနိုင်သူ (social influencers) တွေပေါင်းပြီး တစ်နိုင်ငံလုံး ဆန္ဒပြနေကြသယောင် ရည်ရွယ်ချက်ရှိရှိ ကမ္ဘာကို ပုံဖော်ပြခဲ့ကြပါတယ်။ ယခုအချိန်ထိလည်း ဒီလိုပုံဖော်ပြနေကြဆဲ ဖြစ်ပါတယ်။

 NLD ပါတီအနေနဲ့ ၎င်းတို့အာဏာရှိခဲ့စဉ်က Facebook လို ဆိုရှယ်မီဒီယာကို မြန်မာကျပ်ငွေသန်းပေါင်းခြောက်ထောင်ကျော် သုံးစွဲပြီးထိန်းချုပ်ခဲ့ပါတယ်။ NLD ပါတီ နဲ့ အစိုးရကို မထောက်ခံသူတွေရဲ့ ဆန္ဒနဲ့ အသံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ထိန်းချုပ် ထားပြီး NLD ပါတီကို ထောက်ခံသူများရဲ့ အသံတွေသာ လွှမ်းမိုးအောင် ငွေကြေး အကူအညီ၊ နည်းပညာအကူအညီနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ အချို့နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ Activitists များ၊ Journalists များ၊ Social Influencers များ မွေးမြူခြင်းကို ဇာတ်တိုက်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့နေရတဲ့ ချဲ့ကားထားတဲ့ ဆန္ဒပြမှုတွေနဲ့ NLD ထောက်ခံမှုတွေဆိုတာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ အတုအယောင် (illusions) တွေသာဖြစ်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာကိုအသုံးချပြီး ပြည်သူလူထုအားလုံးက ထောက်ခံမှုရှိသယောင် ပုံဖော်တာ၊ ထောက်ခံမှုရအောင် မလိမ့်တပတ်ဆောင်ရွက်တာတွေက NLD ကနေ ပေါက်ဖွားလာ တဲ့ NUG အကြမ်းဖက်အဖွဲ့အပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။

နောက်တစ်ချက်က ပြည်သူတစ်ချို့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတာ မှန်ပေမယ့် NLD အစွန်းရောက်ထောက်ခံသူတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ပြောင်းလဲလာတဲ့ အချိန်မှာ ပြည်သူအများစု မထောက်ခံကြတော့ပါဘူး။ ဒီလို မထောက်ခံကြတော့တဲ့ အတွက် NLD အစွန်းရောက်တွေက ၎င်းတို့ကိုမထောက်ခံသူ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဝင်မပါဘဲ ငြိမ်းချမ်းစွာနေလိုတဲ့ သာမန်အပြစ်မဲ့ပြည်သူတွေကို လူမှုရေးအရအပြစ် ပေးခြင်း (Social Punishment) အမည်ခံပြီး လူမှုရေးအရအနိုင်ကျင့်ခြင်း (Social Bullying) တွေကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာကော၊ ပြင်ပမှာပါ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အထောက်အထားများစွာရှိပါတယ်။ ပါတီတစ်ခုရဲ့ လုပ်ရပ်ကိုမထောက်ခံလို့ လူမှုရေးအရ အနိုင်ကျင့်တာကို နိုင်ငံတကာမှာ လက်ခံကြပါ သလား၊ ဒီမိုကရေစီကျင့်စဉ်တွေ တန်ဖိုးတွေနဲ့ ကိုက်ညီပါသလားဆိုတာကို မေးခွန်းထုတ် ကြည့်သင့်ပါတယ်။

နိုင်ငံတကာကို ယခုလက်ရှိအခြေအနေတွေအရ အထူးသတိပြုသိစေချင်တာက NUG/PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကိုတိုက်ခိုက်နေမှုနဲ့၊ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေကြတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ NLD အမတ်တွေနဲ့ အစွန်းရောက်ထောက်ခံသူတွေကနေ CRPH/NUG/PDF အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့ကို မထောက်ခံသူတွေ၊ အယူအဆမတူတဲ့ အပြစ်မဲ့ပြည်သူတွေ၊ တိုက်ခိုက်ရေး စစ်သည်မဟုတ်တဲ့ အရပ်သား သာမာန်ပြည်သူတွေကို ပစ်မှတ်အဖြစ် ဒလန်လို့စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နေကြခြင်းဖြစ်ပါတယ်။ NUG အဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှစပြီး D-Day အမည်ခံပြီး အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်တင်ဖို့ လှုံ့ဆော်ခဲ့ကြတာ ကမ္ဘာသိဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ NUG/PDF အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုနဲ့ ဒလန်လို့စွပ်စွဲပြီး အကြမ်းဖက် သတ်ဖြတ်မှု ကြောင့် လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူ ၁၀၃၁ ဦး သေဆုံးခဲ့ပြီး ၁၀၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဟန်း၊ သံဃာတော် ၁၃ ပါး ပျံလွန်တော်မူခဲ့ရပြီး ၅ ပါး ကို နှိပ်စက်ညှင်းပန်းခဲ့ပါတယ်။ အစိုးရဝန်ထမ်းများ သေဆုံး (၃၈) ဦး၊ ဒဏ်ရာရ (၈၁) ဦး ရှိပါတယ်။ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနဲ့ သက်ဆိုင်ရာဝန်ထမ်းများ သေဆုံး   (၂၀၇) ဦး၊ ဒဏ်ရာရ (၁၅၅) ဦးရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများ သေဆုံး (၃) ဦး၊ ဒဏ်ရာရ (၈) ဦးရှိပါတယ်။ ဆရာ/ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ သေဆုံး (၁၂) ဦး၊ ဒဏ်ရာရ (၁၅) ဦးနဲ့ ပျက်စီး/ဆုံးရှုံးခဲ့ရတဲ့ စာသင်ကျောင်းနဲ့ ပညာရေး အဆောက်အဦပေါင်း (၄၄၅) ခုရှိပါတယ်။ ကိုဗစ်-၁၉ စင်တာများကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၃၃) ခုမှာ သေဆုံး (၁၃) ဦး၊ ဒဏ်ရာရ (၂၇) ဦးရှိပြီး ဆေးရုံ/ ဆေးခန်းများကို တိုက်ခိုက်ခံရမှု (၂၅) ကြိမ် ရှိပြီဖြစ်ပါတယ်။ အများပြည်သူသုံး လမ်းတံတားများကို (၃၉၇) ကြိမ်ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၄၂၂၆) ကြိမ်ရှိခဲ့ပြီဖြစ် ပါတယ်။

ဒီလိုစစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်များကို နေ့စဉ်နီးပါး အကြမ်းဖက် တိုက်ခိုက်နေကြတာကို အစိုးရမီဒီယာများက အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးများနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့အစည်း များကိုလည်း သက်သေအထောက်အထားများနဲ့တကွ အစဉ်မပြတ် အသိပေးနေတယ်လို့ သိရပါတယ်။ ဒီလိုခိုင်မာတဲ့အထောက်အထားတွေရှိပါလျက်နဲ့ NUG/PDF နဲ့ အစွန်းရောက် NLD အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လစ်လျှူရှူပြီး ပြည်သူအများစုက ထောက်ခံနေတယ်လို့ လွဲမှားစွာထင်မြင်ယူဆနေတာကတော့ လုံးဝမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီအဖွဲ့တွေရဲ့လုပ်ဆောင်ချက်တွေကို ဒီမိုကရေစီ စံနှုန်းအရပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ကြည့်၊ လူသားချင်းစာနာတဲ့ စိတ်နဲ့ပဲ စဉ်းစားစဉ်းစား၊ ဂျနီဗာကွန်ဗန်းရှင်းလို နိုင်ငံတကာစံနှုန်းများနဲ့ပဲချိန်ထိုးချိန်ထိုး ဘယ်လိုရှုထောင့်ကနေပဲ ကြည့်သည်ဖြစ်စေ အကြမ်းဖက်လုပ်ရပ်များသာဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်ပြီး ငြင်းလို့မရတဲ့ သက်သေများပဲဖြစ်ပါတယ်။

ဒီ့ထက်ပိုပြီးခိုင်မာတဲ့ သက်သေအထောက်အထားများကတော့ မကြာသေးမီကမှ ဖမ်းဆီးရမိတဲ့ NLD ပါတီက ဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေအရ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို NUG က ဦးဆောင် ညွှန်ကြားနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ သက်သေတွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာဖြစ်ပေါ်ခဲ့တဲ့ အောက်ဆီဂျင်အခက်အခဲကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေဆောင်ရွက်ဖို့ လက်နက်ခဲယမ်းတွေကို အောက်ဆီဂျင်အိုးတွေထဲ ထည့်ပြီး တင်ပို့ခဲ့ကြပါတယ်။ EAOs တစ်ချို့က ကူညီခဲ့ကြပါတယ်။ NUG ရဲ့ “Hit List” ဆိုတာ အမှန်တကယ်ရှိကြောင်း ၎င်းရဲ့မှတ်စုစာအုပ်က မှတ်တမ်းများက သက်သေခံနေပါတယ်။

ဒီလိုဘာသာရေးနဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ဆရာ/ဆရာမတွေနဲ့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေတဲ့နေရာတွေအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို NUG ရဲ့ စီစဉ်စေခိုင်းချက်အရ တိုက်ခိုက်သတ်ဖြတ်နေကြ တာက အကြမ်းဖက်ဝါဒ (terrorism) မဟုတ်ဘူးလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ နေ့စဉ်ဖြစ်ပေါ်နေတဲ့ NUG/PDF နဲ့ အစွန်းရောက် NLD ထောက်ခံသူများရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား ဆိုတာကိုလည်း မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ ဒါကြောင့် အစဉ်အလာကြီးမားတဲ့ ဒီမိုကရေစီနိုင်ငံ တွေနဲ့ လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ နိုင်ငံကြီးသားဆိုသူတွေက အကြမ်းဖက် ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေကြသလားလို့တောင် ထင်မြင်ယူဆနေသူတွေ ရှိနေပြီဖြစ်ပါတယ်။

သီအိုရီတွေအရ ထပ်မံထောက်ပြရရင် ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒ (Terrorism) နဲ့ ပတ်သက်ပြီး အားလုံးသဘောတူလက်ခံထားတဲ့ တိကျတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိ သေးပါဘူး။ သို့ပေမယ့် ဥပမာတစ်ခုအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်အဖွဲ့အစည်းဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ အမေရိကန် နိုင်ငံမှာ ယခုလက်ရှိ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက အဖွဲ့အစည်းပေါင်း ၇၂ ဖွဲ့ ရှိပါတယ်။ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့တဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ ရှိပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရာမှာ Foreign Relations Authorization Act, Fiscal Years 1988 and 1989 က အကြမ်းဖက်ဝါဒရဲ့အဓိပ္ပယ်ဖွင့်ဆိုချက် (Terrorism Definition) ကို အသုံးပြုပြီး Immigration and Nationality Act Section212 ရဲ့ အကြမ်းဖက်မှုဆောင်ရွက်ချက် (Terrorist Activity) တွေနဲ့ ချိန်ထိုး ဆုံးဖြတ်ပါတယ်။

အကြမ်းဖက်ဝါဒဆိုတာကို အမေရိကန်နိုင်ငံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အကြမ်းဖက် ဝါဒဆိုတာ နိုင်ငံတစ်ခုထက် အဆင့်နိမ့်တဲ့အဖွဲ့တွေ (သို့မဟုတ်) လျှို့ဝှက်ပြီး ဖွဲ့စည်း ထားတဲ့အဖွဲ့တွေကနေ တိုက်ပွဲဝင်စစ်သည်မဟုတ်တဲ့ပစ်မှတ်တွေကို ကြိုတင် ကြံရွယ်ပြီး နိုင်ငံရေးအရအရင်းခံတဲ့ အကြမ်းဖက်မှုများဖြစ်တယ်” “terrorism” as “premeditated, politically motivated violence perpetrated against noncombatant targets by subnational groups or clandestine agents” လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အကြမ်းဖက်မှုဆောင်ရွက်ချက်အဖြစ် သတ်မှတ်ချက်တွေမှာ ပေါက်ကွဲစေနိုင်တဲ့ လက်နက် တွေနဲ့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်အသုံးပြုမှု တွေနဲ့ မည်သည့်ခြိမ်းခြောက်မှု၊ လျှို့ဝှက်ကြံစည်မှုနဲ့ ကြိုးစားမှုတွေမဆို အကြုံးဝင် ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ NUG/PDF တွေရဲ့အကြမ်းဖက်လုပ်ရပ် များဟာ မြန်မာ့စံနှုန်းနှင့်သာမက ဒီမိုကရေစီသက်တမ်းနှစ်ပေါင်း(၂၀၀)ကျော်နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှု သတ်မှတ်ချက်တွေနဲ့ ချိန်ထိုး ကြည့်ရင်လည်း အကြုံးဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလို မြန်မာပြည်သူလူထုကို အကြမ်းဖက်ပြီး အကြောက်တရားလွှမ်းမိုးအောင် လုပ်နေတဲ့ NUG အဖွဲ့ရဲ့ ရည်ရွယ်ချက်က ၎င်းတို့နဲ့ ဆန့်ကျင်ဘက်အသံတွေ ထွက်ပေါ် မလာအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ကို မထောက်ခံ သူတွေကို အကြောက်တရားနဲ့ထိန်းချုပ်ပြီး ထောက်ခံလာအောင်လုပ်နေသလို၊ မထောက်ခံ သူများ မရှိသယောင် ပုံဖော်ခြင်းလည်းဖြစ်ပါတယ်။ သူတို့ကိုကြောက်လို့ အသံမထွက် ရဲတာကို ပြည်သူအများ ထောက်ခံနေတယ်လို့ ထင်မြင်ယူဆလာအောင် ဆိုရှယ်မီဒီယာ တွေကနေတစ်ဆင့် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

အီတလီနိုင်ငံက နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ Antonio Cassese ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ လူထုကို အန္တရာယ်ဖြစ်စေဖို့ လူထုကြားထဲမှာ အကြောက် တရားပျံ့နှံ့အောင် လုပ်ဆောင်တဲ့ရည်ရွယ်ချက် (the intent to spread fear among the population which would generally entail the creation of public danger) ကိုတောင် အကြမ်းဖက်ဝါဒရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း လက်နက်ကိုင်ပဋိပက္ခဥပဒေ “The Law of Armed Conflict” ဆိုတာ ရှိပါတယ်။ ဒီဥပဒေအရ မည်သည့်ပဋိပက္ခအတွင်းမှာမဆို စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ရန်ပြုသတ်ဖြတ်တာတွေကို တားမြစ်ထားပါတယ်။ ဒီလို တိုက်ခိုက်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို အကြမ်းဖက်နေတဲ့ အစွန်းရောက်အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ဆောင်ရွက်ချက်သည် မည်သည့်နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေနဲ့ပဲကြည့်ကြည့် တရားဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအဆင့်တုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ ပစ်ခတ်နှိမ်နင်းတာမတွေ့ရဘဲ၊ အကြမ်းဖက်ဆန္ဒပြမှုတွေအဖြစ် ပြောင်းလဲလာ ချိန်မှသာ ဥပဒေနဲ့အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ထိန်းသိမ်း ဆောင်ရွက်ခဲ့ တာကိုတွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း အလားတူ ဆောင်ရွက်နေကြပါတယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာတောင် ဆူပူဆန္ဒပြမှုများက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ယှဉ်တွဲလာရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလို အင်အားသုံးပြီး ထိန်းသိမ်း နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ NUG/PDF အဖွဲ့ တွေရဲ့ အစွန်းရောက်အကြမ်းဖက်မှုလမ်းစဉ်နဲ့ လက်တွေ့အကြမ်းဖက်မှု ကျူးလွန်နေကြ တာတွေကို သိပါလျက်နဲ့ ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတစ်ချို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ချို့ရှိပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံနေကြတာက အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုရာရောက်နေပြီး၊ အကြမ်းဖက်ဝါဒ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်နေကြသလို ဖြစ်နေတယ်ဆိုတာကို သတိပြုမိကြစေချင်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုကို အလေးထားပါတယ်ဆိုတဲ့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများအနေနဲ့ ဒီလောက် ဆိုးရွားရက်စက်ကြမ်းကြုတ်တဲ့ NUG အဖွဲ့ရဲ့ လုပ်ရပ်တွေကို အကောင်းမြင်စိတ်နဲ့ကြည့်နေရင်တော့ အကြမ်းဖက်အဖွဲ့အနေနဲ့ အသိအမှတ်ပြုဖို့ ခက်ခဲနေလိမ့်မယ်ထင်ပါတယ်။ လက်တွေ့အရှိတရားကို ယထာဘူတ ကျကျ ရှုမြင်မယ်ဆိုရင်တော့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို လက်ခံရ ပါလိမ့်မယ်။ ဥပမာ အာဖကန်နစ္စတန် နိုင်ငံကိုကြည့်မယ်ဆိုရင် တစ်ချိန်က ကမ္ဘာ့ အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့တွေ လက်ခံထားတဲ့နိုင်ငံအဖြစ်ရှုမြင်ပြီး စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံတကာကထိတွေ့ဆက်ဆံမှုတွေ၊ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြည့်ရှုသူရဲ့ ရှုထောင့်ပေါ်မှာမူတည်ပြီးသာ အမြင်တွေအမျိုးမျိုး ပြောင်းလဲနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမား NUG/PDF အဖွဲ့တွေကတော့ သူတို့ရဲ့နိုင်ငံရေး ရည်မှန်းချက်ကို အကြောင်းပြပြီး သူတို့ကိုမထောက်ခံသူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ နိုင်ငံတကာက NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သိသည်ဖြစ်စေ၊ မသိချင်ယောင်ဆောင်နေသည်ဖြစ်စေ ၎င်းအဖွဲ့တွေရဲ့ ပကတိ လုပ်ရပ်များအရ အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ NLD ကို မြန်မာပြည်သူ အများစုထောက်ခံနေတယ်ဆိုတဲ့ယူဆချက်က အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ပါတယ်။ NLD ပါတီရဲ့ အရည်အချင်းမပြည့်ဝမှုနဲ့ NUG/PDF ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် မြန်မာပြည်သူလူထုရဲ့အမြင်တွေ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို NLD ကပေါက်ဖွားလာတဲ့ NUG၊ NUG က မွေးဖွားခဲ့တဲ့ PDF တွေကြောင့် NLD ရဲ့ ပုံရိပ်ဟာ သမိုင်းမှာအမဲစက်ထင်ခဲ့ပြီဖြစ်ပါတယ်။ စိတ်ခံစားချက်ပြင်းထန်တဲ့ NLD ပါတီဝင်အချို့နဲ့ အစွန်းရောက်ထောက်ခံသူ အင်အားစုများရှိနိုင်သော်လည်း အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုတဲ့ ပြည်သူလူထုအများစုကတော့ NLD၊ NUG၊ PDF အဖွဲ့တွေကို မလိုလားဘဲ ဆန့်ကျင့်နေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုအစွန်းရောက်အဖွဲ့တွေကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုဘဝပေါင်းများစွာကို စာနာသနားတတ်တဲ့ မြန်မာပြည်သူ အများစုက ရွံရှာကြောက်ရွှံ့မုန်းတီးနေကြပြီဖြစ်ပါတယ်။        

ဒါကြောင့် NUG ကိုပြည်သူအများစုလက်ခံထောက်ခံနေတယ်လို့ လွဲမှားစွာ ထင်မြင်ယူဆနေတဲ့ အချို့နိုင်ငံများအနေနဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားများနဲ့ မြန်မာနိုင်ငံအကျိုးစီးပွားကို ပျက်ပြားစေလိုတဲ့ ပြည်တွင်း/ပြည်ပ မီဒီယာတစ်ချို့ရဲ့ ဖော်ပြချက်တွေမှာဘဲ လမ်းဆုံးမနေကြဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်တွေ့ အရှိတရားတွေကို မြင်အောင်ကြည့်နိုင်ကြဖို့လိုပါကြောင်း တိုက်တွန်း လိုက်ရပါတယ်။

ရည်ညွှန်းချက်

United States’ Foreign Terrorist Organizations, Definitions of Terrorism and Terrorist Activity

မင်းခန့်