နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက် နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်းငုယင်ဖုကျောက်၏ နိုင်ငံတော် စျာပနအခမ်းအနားသို့တက်ရောက်ရန်အတွက် ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်မြို့မှ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၅ ရက်တွင် ဟနွိုင်းမြို့ရှိ အမျိုးသား ဈာပနခန်းမတွင် ယာယီထားရှိသော ရုပ်အလောင်းအား လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းနှင့် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Le Huy Vinh နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ H. E. Mr. To Lam ထံ သမ္မတဟောင်း ငုယင်ဖုကျောက် ကွယ်လွန်ခြင်းအတွက် ထပ်မံပေးပို့လိုက်သော ဝမ်းနည်းကြောင်း သဝဏ်လွှာအား ပေးအပ်ခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၆ ရက်တွင် ဟနွိုင်းမြို့ရှိ အမျိုးသားဈာပနခန်းမ၌ ကျင်းပပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် သမ္မတဟောင်း ငုယင်ဖုကျောက်၏ ရုပ်အလောင်းအား မီးသင်္ဂြိုဟ်မည့်နေရာသို့ လိုက်ပါပို့ဆောင်ခဲ့ပါ သည်။

အဆိုပါ ဈာပနအခမ်းအနားသို့ ပြည်ပနိုင်ငံပေါင်း(၂၇)နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၆ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၄)

  • ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော် ဈာပနအခမ်းအနားသို့ ပြည်ပနိုင်ငံပေါင်း(၂၇)နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့။

 

Add new comment