ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့်ဇနီးများ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ကြည်ညို

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီးတို့သည် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများ၊ အဖွဲ့ဝင်များ၊ ဘင်းမ်စတက်အတွင်းရေးမှူး ချုပ်တို့နှင့်အတူ ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များဖြင့် အနုပညာလက်ရာကွဲပြားစွာ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း ထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ တို့ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။

ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၏ ဇနီးများသည် ဇူလိုင်လ ၂၇ ရက်တွင် နေပြည်တော်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ကြကာ စေတီတော်လိုဏ်အတွင်းရှိ မြန်မာလက်မှုအနုပညာများဖြင့် ထွင်းထုပူဇော်ထားသည့် ဗုဒ္ဓဖြစ်စဉ်တော်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြရာ စေတီတော်ဂေါပကအဖွဲ့ဝင်များလက်ခံရယူ၍ ပန်းပေါင်းစုံ ဆင်းတုတော်များကို ဓမ္မလက်ဆောင် အဖြစ် ပြန်လည်ပေးအပ်ခဲ့ပြီးနောက် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာကြည့်ရှုကြပြီး  အမျိုးသားပြတိုက်သို့ ဆက်လက်သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၄)

  • ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့်ဇနီးများ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူး မြော်ကြည်ညိုကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့။

Add new comment