၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ စစ်မှုထမ်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင်-

  • အဆင့်မြင့်ပညာရပ်များတတ်ကျွမ်းပြီး အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ် ကောင်းများပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးပိုင်းတို့တွင် ကောင်းမွန်သည့်အထောက်အပံ့ကောင်းများရရှိမည်ဖြစ်ပြီး အတတ်ပညာ၊ အသိပညာနှင့် အတွေးအခေါ်ထက်မြက်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များပေါကြွယ်ဝမှသာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ယူပြီးချိန်မှစပြီး ပညာရည် မြှင့်တင်ရေးအဖြစ် ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ရေးနှင့် KG+9 အထိ မဖြစ်မနေသင်ကြားရေးကို မူဝါဒချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
  • နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မား အောင် မြှင့်တင်ဆောင်ရွက်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟုယုံကြည်ကြောင်း။
  • တပ်မတော်သားများအနေဖြင့် သက်ဆိုင်ရာတပ်မတော်ပညာရေးကျောင်းများမှ ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်မှုပျမ်းမျှ ၂၄.၅၈ ရာခိုင်နှုန်း ရှိခဲ့ပြီး တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများအနေဖြင့် အောင်မြင်မှုပျမ်းမျှ ၆၀. ၉၄ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော်သား (၃) ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၁၂ ဦး ရှိခဲ့သကဲ့သို့ တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများ၌ တက်ရောက်ခဲ့သူများအနေဖြင့် (၆) ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင် ၂၆ ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၆၅ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၁၉၇ ဦး ရှိခဲ့သည်ကို တွေ့ရှိရကြောင်း။
  • နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေဖြင့်လည်းတပ်မတော်သားများနှင့် အငြိမ်းစားမိသားစုဝင် များ၏ ပညာရေးကို မိဘ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများဟူသည့် စတုရန်းပုံစံ ဝိုင်းဝန်းကြိုးပမ်းပေးခြင်းဖြင့် မြှင့်တင်ပေးလျက်ရှိသဖြင့် မိမိတို့သား၊ သမီးတိုင်း၊ ကျောင်း သားတိုင်းကို ကိုယ်တိုင်ကြိုးစားအားထုတ်မှု၊ ဆရာ၊ ဆရာမများ၏ အနီးကပ်ကြပ်မတ် လေ့ကျင့်ပေးမှုများဖြင့် ကျောင်းအသီးသီးက ကြိုးပမ်းမြှင့်တင်ပေးရန် တိုက်တွန်းပြောကြား လိုကြောင်း။
  • ယနေ့အခမ်းအနားတွင် (၆) ဘာသာဂုဏ်ထူးရရှိသူ ၆၉ ဦး၊ (၅) ဘာသာဂုဏ်ထူးရရှိသူ ၈၀ ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၁ ဦး၊ (၂) ဘာသာ ဂုဏ်ထူးရရှိသူစစ်သည် ၇ ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၁၃ ဦး၊ လူရည်ချွန် ၃၄ ဦးနှင့် အောင်ချက်အကောင်းဆုံး ဖြစ်သည့် တပ်မတော်ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံပညာအထက်တန်းကျောင်း များမှ တာဝန်ရှိသူများကို ထိုက်ထိုက်တန်တန် ဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အခြား ဂုဏ်ထူးရရှိသူများနှင့် ပညာသင်ဆုရရှိသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တက္ကသိုလ်ပညာ သင်ထောက်ပံ့ ကြေးများကိုလည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ကျောင်း သား၊ ကျောင်းသူ ၇၈၇ ဦးကို ပညာသင်ထောက်ပံ့ကြေးများပေးခဲ့ရာ ၎င်းတို့အနက် ဆရာဝန်ဘွဲ့ရရှိသူ ၃၈ ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ ၃၅ ဦးနှင့် အခြားဘွဲ့ရရှိသူ ၄၁ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း။
  • အတွေ့အကြုံများရရှိပြီး အနာဂတ်ဘဝပုံဖော်သည့်အခါ အကျိုးများစွာပြုစေရန် ရည်ရွယ်၍ ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၂၅၇ ဦးကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး ၈ ကြိမ် စေလွှတ်ပေးခဲ့ပြီး လေ့လာရေးခရီးမှ ရရှိခဲ့သည့် အတွေ့အကြုံများကို နိုင်ငံ့အကျိုးပြု လုပ်ငန်းများတွင် ပြန်လည်အသုံးချလုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း။
  • မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ယနေ့အချိန်တွင် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင် နေကြရချိန်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ များက ကြုံတွေ့နေသည့်စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ကျော်လွှား နိုင်စွမ်းရှိသော်လည်း အသိ ပညာ၊ အတတ်ပညာပိုင်းဆိုင်ရာနိမ့်ပါးသည့် နိုင်ငံများအနေဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင် ကြုံတွေ့နေရသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
  • အခမ်းအနားကို တက်ရောက်လာကြသည့် လူငယ်မောင်မယ်တို့အနေဖြင့်လည်း ဗလငါးတန် ဖွံ့ဖြိုးပြီး နိုင်ငံတော်ကအားကိုးအားထားပြုရသည့် ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများတွင် အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်း ကောင်း၊ လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၂ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက လူရည်ချွန် ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တပ်မတော်ပညာရေးကျောင်းများမှ အောင်ချက်အကောင်းဆုံးပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ လူရည်ချွန်ဆုရရှိသူ ၅ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၂ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း (အငြိမ်းစား)၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးတို့က လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

            ဆုများပေးအပ်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထူးချွန်ဂုဏ်ထူးရ ကျောင်း သား၊ ကျောင်းသူများ၊ စစ်သည်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများနှင့် တပ်မတော်ပညာရေးကျောင်းများမှ အုပ်ချုပ်မှုတာဝန်ခံအရာရှိများနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောငးသိရှိရပါသည်။

                           သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)

  • အဆင့်မြင့်ပညာရပ်များတတ်ကျွမ်းပြီး အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးပိုင်းတို့တွင် ကောင်းမွန်သည့် အထောက်အပံ့ကောင်းများရရှိမည်ဖြစ်။
  • နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ် သည်ဟုယုံကြည်။
  • အခမ်းအနားတွင် () ဘာသာဂုဏ်ထူးရရှိသူ ၆၉ ဦး၊ () ဘာသာဂုဏ်ထူးရရှိသူ ၈၀ ဦး၊ () ဘာသာ ဂုဏ်ထူးရရှိသူ စစ်သည် ဦး၊ () ဘာသာ ဂုဏ်ထူးရရှိသူစစ်သည် ဦး၊ () ဘာသာ ဂုဏ်ထူးရ ရှိသူ စစ်သည် ၁၃ ဦး၊ လူရည်ချွန် ၃၄ ဦးနှင့် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော် ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူများ ကို ထိုက်ထိုက်တန်တန် ဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်။
  • တပ်မတော်အနေဖြင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၇၈၇ ဦးကို ပညာသင် ထောက်ပံ့ကြေးများပေးခဲ့ရာ ၎င်းတို့အနက် ဆရာဝန်ဘွဲ့ ရရှိသူ ၃၈ ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ ၃၅ ဦးနှင့် အခြားဘွဲ့ရရှိသူ ၄၁ ဦး ရှိခဲ့ပြီးဖြစ်။

Add new comment