ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းနှင့်ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာကိစ္စများကို အသိပေးပြောကြားပါမယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေကို အထူးဆေးကုသမှုအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိပါတယ်။ သို့သော် ယာယီသမ္မတ တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှုမရှိသေးတဲ့ အတွက် တာဝန်လွှဲအပ်ခြင်းကို မနေ့ကပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာအသိပေးပြောကြားလို ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ (၄၁၂) အရ အရေးပေါ်အခြေအနေကြေညာမှုနဲ့ ဒီနှစ်ခုကိုဆက်စပ်ပြီး ဆောင်ရွက်ကြည့်မယ်ဆိုရင် အရေးပေါ် ကာလ မပြီးမြောက်သေးတဲ့ကာလအတွင်းမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အချို့လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၄၁၂ (ခ) မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာနိုင်သည်လို့ ပြဋ္ဌာန်း ထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂ (ခ) မှာပါတဲ့ အခြေခံ ဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကဆုံးဖြတ် ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ရန်အဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတ ကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်တွေ့ကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုပဲ လွှဲပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲ့မှာတစ်ခုရှိတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဘာကြောင့်ဦးဆောင်မှုမပြုရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၁၈ မှာတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်ကြီးမရှိတော့ဘူး။ လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာ ကလည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက်ပြီးပါက တာဝန် လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်းဖြစ်လို့ဖြစ်ပါတယ်။ အခြားသောမေးခွန်းတွေဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်ပဲ ဆောင်ရွက်မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးပြောရရင် မနေ့က ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာလည်းပါပြီးဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံတာဝန်ထမ်းဆောင်တာပဲဖြစ်ပါတယ်။
ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ အတိုင်း မပြောင်းမလဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ အထူးအလေးထား ပြောကြားလို တာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၄)
- ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှု ခံနေရသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်။
- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတလစ်လပ်သွားပါက နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကဆုံးဖြတ် ပေးရသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာဖြစ်။
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဦးဆောင်မှုမပြုရခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁၈ အရ ယခု အခြေအနေသည် လွှတ်တော်ဥက္ကဋ္ဌသာရှိ၍ လွှတ်တော်တည်ရှိခြင်းမရှိတော့ဘဲ လွှတ်တော် ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေခြင်းသည်လည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက်ပြီးပါက တာဝန်လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်းပင်ဖြစ်။
- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံ တာဝန် ထမ်းဆောင်ခြင်းသာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့တို့ကသာ ပြုလုပ်သွားမည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမည် ဖြစ်။
Add new comment