ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှု ခံနေရကြောင်း ဇူလိုင်လ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ ထိုသို့သော ကျန်းမာရေးအခြေအနေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကိုလိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေ စဉ်နှင့် ယာယီသမ္မတတာဝန်လစ်ဟင်းနေစဉ်ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတ ရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့ပါသည်။
ထိုသို့အကြောင်းကြားစာပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ ၁၁ နာရီ ၃၀ မိနစ်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရား များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၄)
- ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှု ခံနေရသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ ဇူလိုင်လ ၂၂ ရက်တွင် လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်။
Add new comment