မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံ အချို့ကထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံသံအမတ် Mr. Robert Wood က ဇူလိုင်လ ၁၅ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲကျင်းပသည့် နေရာ၌ ဖတ်ကြားခဲ့သည်ကိုတွေ့ရှိရပါသည်။ အဆိုပါပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ တစ်ဖက်သတ် စွပ်စွဲချက်များ၊ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသော ဖော်ပြချက်များ ပါရှိပါသည်။ ၎င်းပူးတွဲသတင်းထုတ်ပြန်ချက်များအပေါ် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်များမှာ-
- မြန်မာအစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်သည့် ပြည်သူ လူထုထံခွဲခြားမှုမရှိဘဲ အကူအညီများရောက်ရှိရေး အစဉ်တစိုက်အလေးထားလျက် ကုလသမဂ္ဂနှင့် လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် စစ်မှန်သည့်စိတ်ထားဖြင့် အကူအညီပေးလိုသည့် နိုင်ငံ များနှင့်လည်းကောင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိ။
- မြန်မာအစိုးရက ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ပြည်တွင်း ခရီးသွားလာခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခွင့်တို့ကို လုံခြုံရေး အခြေအနေအပေါ်မူတည်၍ အတတ်နိုင်ဆုံးခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ။
- မြန်မာနိုင်ငံ၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ လူမဆန်သော တိုက်ခိုက်မှုများကြောင့် လက်ရှိတွင် အပြစ်မဲ့ပြည်သူပေါင်း ၇,၈၈၀ ဦး ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်။
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး သွတ်သွင်းမှုများစွာ ပါဝင်နေပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ရေးရာကိစ္စရပ်များကို ဆောင်ရွက် ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံ မူဝါဒရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို ထင်ဟပ်ဖော်ပြခြင်းမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များနှင့် သတင်းမှားများကို အခြေခံပြီး နိုင်ငံရေး သဘောသက်ရောက်စေသည့် ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၉-၇-၂၀၂၄)
- မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့ ကထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ် စွပ်စွဲချက်များ၊ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသော ဖော်ပြချက်များပါရှိ။
- မြန်မာအစိုးရအနေဖြင့် အများပြည်သူ၏အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် လုံခြုံရေးဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိ။
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး သွတ်သွင်းမှုများစွာ ပါဝင်နေ။
- နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်သတ်စွပ်စွဲချက်များနှင့် သတင်းမှားများကို အခြေခံပြီး နိုင်ငံရေးသဘောသက်ရောက်စေသည့် ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန် ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ခဲ့။
Add new comment