အိန္ဒိယသမ္မတနိုင်ငံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းသည့်ကင်ဆာရောင်ခြည် ကုသစက်လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကျင်းပ

အိန္ဒိယသမ္မတနိုင်ငံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်းသည့် ကင်ဆာဓာတ်ရောင်ခြည် ကုသစက် (Bhabhatron-II and Imagin) လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး (၇)ထပ် ဆေးကုသဆောင်သစ် အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Shri Abhay Thakur ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးရုံအုပ်ကြီးများ၊  တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ပါသည်-

  • အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur က Bhabhatron-II and Imagin စက်များလှူဒါန်းရသည့်အကြောင်းရင်းနှင့်စပ်လျဉ်း၍ ယခုလှူဒါန်းမှုဖြင့် မြန်မာနိုင်ငံရှိ ဓာတ် ရောင် ခြည်ကုထုံးလိုအပ်လျက်ရှိသည့် ကင်ဆာရောဂါဝေဒနာရှင်များကို  အချိန်နှင့်တစ်ပြေး ညီ ကုသမှုပိုမို လုပ်ဆောင်နိုင်ရေး  ရည်ရွယ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး၊ စစ်တွေနှင့်နေပြည်တော်ရှိ ဆေးရုံများသို့ ဆေးဘက်ဆိုင်ရာကိရိယာများ ဖြင့် အထောက်အပံ့များ ပေးအပ်လျက်ရှိကြောင်း၊  အိန္ဒိယနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံနှင့် ကျန်းမာရေးကဏ္ဍတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • ပြည်ထောင်စုဝန်ကြီးက ယခုလှူဒါန်းသည့် Bhabhatron-II ကင်ဆာဓာတ်ရောင်ခြည် ကုထုံး စက်သည် တစ်ရက်လျှင် ကင်ဆာလူနာ ၇၀ ခန့်ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်သည့် အတွက် မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များကို အချိန်နှင့်တစ်ပြေးညီ ကုသရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ Imagin စက်သည် အဆင့်မြင့်ပုံရိပ် နည်းပညာသုံးစက်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ကြောင်း၊  ယခုလှူ ဒါန်းမှုဖြင့် နှစ်နိုင်ငံအကြား ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းများအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကင်ဆာရောဂါ ဓာတ်ရောင် ခြည်ကုသစက် အသစ်တစ်လုံး တပ်ဆင်ခဲ့ပြီး ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စက်အသစ် ၁ လုံးအားလည်းကောင်း၊ နေပြည်တော်တွင် PET-CT and Cyclotron စက်များကို လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးစင်တာတွင် ကင်ဆာ ရောဂါဓာတ်ရောင်ခြည် ကုသစက်အသစ် ၃ လုံးကိုလည်းကောင်း မကြာမီတွင် တပ်ဆင်၍ ဖွင့်လှစ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၁၀ ဘီလီယံ ကျော် အသုံးပြု၍ ကင်ဆာရောဂါကုသသည့်ဆေးဝါးများကို တိုးမြှင့်ဝယ်ယူပေး၍ ကုသလျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၇-၂၀၂၄)

  • အိန္ဒိယသမ္မတနိုင်ငံမှ လှူဒါန်းသည့်ကင်ဆာရောင်ခြည်ကုသစက် Bhabhatron-II သည် ကင်ဆာဓာတ်ရောင်ခြည် ကုထုံးစက်သည် တစ်ရက်လျှင် ကင်ဆာလူနာ ၇၀ ခန့်ဓာတ်ရောင် ခြည်ကုထုံးဖြင့် ကုသနိုင်သည့်အတွက် မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များကို အချိန်နှင့်တစ်ပြေးညီ ကုသရာတွင် များစွာအထောက်အကူပြုသည့့်အပြင် Imagin စက်သည် အဆင့်မြင့်ပုံရိပ် နည်းပညာသုံးစက်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်။

Add new comment