ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမပေါ်ရှိ တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

KNLAအဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဇူလိုင်လ ၁၇ ရက်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကား လမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစားတံတားအမှတ် (၁/၁၃၇) ကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတား၏ မြောက်ဘက်ကမ်းကပ်ခုံမှာ ၁၀၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့ပါသည်။

ဇူလိုင်လ ၁၇ ရက်တွင် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန်လူစီး အမြန်ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်စုစုပေါင်း (၄၅၉) ဦးပါရှိသည့် မော်လမြိုင်-ရန်ကုန် လူစီးအမြန်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား ရထားရောက်ရှိဖြတ်သန်းစဉ် ရထားလမ်းမိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း (၁) ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသော လူစီးတွဲ (၂) တွဲ လမ်းချော် ကျမှုဖြစ်ပွားခဲ့သဖြင့် ယာယီပိတ်ထားခဲ့‌ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ အမှတ် (၈၂) အစုန်လူစီးအမြန်ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ဆက်လက်ထွက်ခွာ နိုင်ရေးအတွက် ကျိုက်ထိုတွင်ရောက်ရှိနေသော ခရီးသည်စုစုပေါင်း (၆၉၅) ဦး ပါရှိသည့်  အမှတ် (၈၁) အဆန်လူစီးအမြန်ရထားဖြင့်  အဆိုပါခရီးသည်များအား ရထားကူးပြောင်း၍ ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

မိုင်းဖောက်ခွဲဖျက်စီးခံရမှုကြောင့် ရထားလမ်းချော်ကျမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေ ဒေသတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း၊ မြန်မာ့ မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော ရထားစက်ခေါင်းနှင့် လူစီးတွဲ (၂) တွဲအား မတင် ၍ လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိအချိန် တွင် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာလမ်း/ တံတားဦးစီးဌာနမှ တာဝန်ရှိသူများက ယာယီတံတားအား အမြန်ဆုံးဆောင်ရွက်ပေးခဲ့ရာ မော်တော် ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၄)

  • ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကား လမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ် (၁/၁၃၇) ကို ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့။
  • သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းပေါ်တွင် မိုင်းဖောက်ခွဲထားမှု ကြောင့် လူစီးရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရထားများ ကြန့်ကြာမှုဖြစ်။

 

 

 

Add new comment