နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်း အဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-
- ဇူလိုင်လ ၈ ရက်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်း-ကျိုင်းတုံသွားကားလမ်းတွင် မိုင်းပျဉ်း ဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦးမောင်းနှင်လာသည့် NISSAN ၁၂ ဘီးယာဉ်ကို သတင်း အရ စစ်ဆေးရှာဖွေရာ ကာလဒေသတန်ဖိုးငွေကျပ် ၄ ဒသမ ၈၂၄ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရ။
- ဇူလိုင်လ ၉ ရက်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ သတင်းအရ စောင့်ဆိုင်းနေစဉ် စိုင်းဝဏ္ဏ၊ ညီလင်း (ခ) အိုက်ထွန်းနှင့် အောင်ဝင်းတို့ ၃ ဦးသည် TOYOTA CROWN မော်တော် ယာဉ် ၂ စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့သယ်ဆောင်လာသည့် ကာလ ဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ တုံး၊ အလေးချိန် ၁၀၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်းဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်သို့ သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်ကြောင်း သိရှိရ။
- ဇူလိုင်လ ၁၄ ရက်တွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမှ မန္တလေးသို့ မင်းဇော်မောင်းနှင်ပြီး မင်းကိုလိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေး ခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃.၉၅ သန်းသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများ၏ ဖော်ထုတ်စစ်ဆေးချက်များအရ မောင်ငယ်(ခ)ကျော်ကြီးကို ၁၈ ဘီးတွဲ ယာဉ်တစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၇.၂၅ သန်းထပ်မံသိမ်းဆည်းရမိခဲ့။
- စုစုပေါင်းကာလဒေသတန်ဖိုး ငွေကျပ် ၁၆.၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁.၂ သန်း သိမ်းဆည်းရမိခဲ့ပြီး ၎င်းဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ။
ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)
- ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလိုနှင့်အတူ တရားခံ ၁ ဦးဖမ်းဆီးရမိခဲ့။
- တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ တုံး၊ အလေးချိန် ၁၀၅ ကီလိုနှင့်အတူ တရားခံ ၃ ဦးဖမ်းဆီးရမိခဲ့။
- ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁၆.၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁.၂ သန်းနှင့် အတူ တရားခံ ၃ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment