PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို လုယက်ယူဆောင်

ဇူလိုင်လ ၂ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် မန္တလေးတိုင်း ဒေသကြီး၊ တောင်သာ-နွားထိုးကြီးမြို့နယ် ကားလမ်းအတိုင်း သွားလာနေသည့်  ခရီးသွား မော်တော်ယာဉ်များအနက် “ပိုင် TTA” ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ် များကို တားဆီးစစ်ဆေးခြင်းများပြုလုပ်၍ ယာဉ်မောင်းများနှင့် ခရီးသည်များအား ပြန်လွှတ် ပေးပြီး စုစုပေါင်း မော်တော်ယာဉ် ၁၁ စီးတို့အား လုယက်ယူဆောင်၍  နွားထိုးကြီးမြို့နယ် ဘက်သို့ မောင်းနှင် ထွက်သွားခဲ့ကြောင်းနှင့်  အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ရာ ရွှေကြာအင်းကျေးရွာအနီး၌ အကြမ်းဖက်သမားများ ယူဆောင်သွားသည့် မော်တော်ယာဉ် ၁၁ စီးအား ထိခိုက်ပျက်စီးမှုမရှိဘဲ ပြန်လည် ရရှိခဲ့ကြောင်း သိရှိရပါသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူ သွားလာလျက်ရှိသော လမ်းများပေါ်၌ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ပစ္စည်းများလုယက်ယူဆောင်ခြင်းနှင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိရာ အဆိုပါအကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)

  • PDF အမည်ခံ အကြမ်းဖက်သမားများက တောင်သာ-နွားထိုးကြီး သွားကားလမ်း အတိုင်းသွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များပေါ်တွင်ပါလာသည့် ယာဉ်မောင်း များနှင့် ခရီးသည်များအား တားဆီးစစ်ဆေးကာ အဆိုပါမော်တော်ယာဉ် ၁၁ စီးအား လုယက်ခဲ့။

 

Add new comment