နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင် နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက် ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားများကို ဇွန်လ ၂၈ ရက်တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများ အသီးသီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး-
- ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည့် အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ဂုဏ်ပြုစကားပြောကြားခဲ့။
- ရန်ကုန်တိုင်းဒေသကြီး နယ်မြေခံသင်တန်းကျောင်း၌ ကျင်းပသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို ဂုဏ်ပြုစကားပြောကြားခဲ့။
- ဧရာဝတီတိုင်းဒေသကြီး၊ နယ်မြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပသည့် အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်၍ ပြည်သူ့ စစ်မှုထမ်းသင်တန်းသားများကို အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ကျင်းပသည့် အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း တက်ရောက်၍ ပြည်သူ့ စစ်မှုထမ်းသင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့။
- ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၌ ကျင်းပသည့် အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ဂုဏ်ပြုစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
သင်တန်းဆင်းပွဲတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီး များက သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြ ထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက် နည်းပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများကို ပြုလုပ်ခဲ့ကြရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့် နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များက တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပါသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်နှင့် စစ်နည်းဗျူဟာဘာသာရပ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည့်အပြင် စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ် အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၄)
- ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲများကို ဇွန်လ ၂၈ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပ ပြုလုပ်ခဲ့။
- သင်တန်းဆင်းပွဲတွင် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ် သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့။
Add new comment