ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေကြတဲ့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့တယ်၊ လုယက်တယ် ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်းပြောကြားလိုပါတယ်။ အဲ့ဒီမှာ အဲ့ဒီနယ်မြေဒေသရဲ့အခြေအနေ အကြမ်းဖျင်းအနေနဲ့ကတော့ မောင်တော - ဘူးသီးတောင်သွားကားလမ်းရဲ့ တောင်ဘက်မှာရှိပြီးတော့ အဲဒီနေရာမှာ အရင်တုန်း ကတော့ UNHCR, WFP စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ရုံးတွေ၊ ဂိုဒေါင်တွေ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်းမှာ မေလ ကတည်းက အဲ့ဒီနေရာမှာ ရုံးထိုင်တဲ့ လူတွေမရှိတော့ဘဲနဲ့ နယ်မြေခံဘင်္ဂါလီအစောင့် တွေလောက်သာ ထားခဲ့နိုင်ပြီးတော့ ပြန်သွားတဲ့နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေနဲ့ ပတ်သက်ပြီးလည်း ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်အနေနဲ့ကလည်း ဒီနေရာ တွေအထိ ဝင်ရောက်ခြင်း မရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။
ဒီဇွန်လ ၂၁ ရက်နေ့မှာတော့ မောင်တောမှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးအဖွဲ့က ဒီနေရာတွေကို ကင်းလှည့်ရပါတယ်။ ကင်းလှည့် ဆောင်ရွက်တဲ့နေရာမှာ ဒီ WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့ အရှေ့ဘက် ဝေသာလီကျေးရွာ အရောက်မှာ စိမ့်ဝင်နေတဲ့ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွား ခဲ့တာရှိပါတယ်။ အဲဒီလိုတိုက်ပွဲဖြစ်ပွားချိန်မှာ AA အကြမ်းဖက်အဖွဲ့အနေနဲ့ Drone များကို အဓိကသုံးပြီးတော့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲ AA အကြမ်းဖက်အဖွဲ့ အနေနဲ့ အဲဒီ WFP ဂိုဒေါင်တွေကို ဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ အဲဒီမှာရှိနေတဲ့ ပစ္စည်းတွေကို လုယက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့အတူ ဒေသခံ AA ထောက်ခံအားပေးနေတဲ့ ရခိုင်တိုင်းရင်းသားအချို့လည်း ပါဝင်တယ် ဆိုတာကို ဒေသခံဘင်္ဂါလီတွေရဲ့ ပြောကြားချက်အရ ကျွန်တော်တို့သိရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒေသခံဘင်္ဂါလီရွာသားများအနေနဲ့ အဲဒီမှာရှိတဲ့ပစ္စည်းတွေ AA လက်ထဲ မရောက်ရှိစေရေးအတွက် အနီးအနားမှာရှိတဲ့ လုံခြုံတဲ့နေရာတွေကို ဇွန်လ ၂၁ ရက်နေ့ ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်ဆိုတာ သိရပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ ဘယ်လိုရွှေ့ပြောင်းတယ်ဆိုတာကို သိလိုတဲ့အတွက် AA အနေနဲ့ Drone နဲ့ ကင်းထောက်ထောက်လှမ်းပြီး အဲဒီ WFP ဂိုဒေါင်တွေကို Drone နဲ့ ဗုံးကြဲခဲ့တယ်၊ Drop Bomb များချ တိုက်ခိုက်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။ ဒါကြောင့် ဒီဂိုဒေါင်တွေ တချို့မီးလောင်ပျက်စီးခဲ့တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ သူတို့ထုတ်ပြန်ထားတဲ့ ပုံတွေမှာကြည့်ရင်ကို ဒီအချက်အလက်ကို သိသာနိုင်တယ်လို့ ကျွန်တော်ပြောချင် ပါတယ်။
ဂိုဒေါင်တွေဟာ ဂိုဒေါင်တွေနဲ့ အဲဒီအနီးအနားမှာရှိနေတဲ့ ရုံးတွေမှာ UN ဆိုတဲ့ ကုလသမဂ္ဂအမှတ်အသားကို ဂိုဒေါင်အမိုးတွေမှာထင်ထင်ရှားရှားရေးထားတာ၊ ရုံးတွေမှာ ထင်ထင်ရှားရှားရေးထားတာတွေ့ရပါတယ်။ သိလျက်နဲ့လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့လို့လည်း ဂိုဒေါင်အမိုးတွေ Drop Bomb ဒဏ်ကြောင့် ပေါက်ပြဲ ပေါက်ကွဲပြီးတော့ မီးလောင်တာဖြစ်ပါတယ်။ ဒီဒေသခံတွေ သယ်ထုတ်ထားတဲ့ ဆန်အိတ်များကို ဒေသခံဘင်္ဂါလီများအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို လာရောက် သတင်းပို့ခဲ့တာရှိပါတယ်။ ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေ ဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက်တွေမှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ AA အနေနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီများကိုလည်း နေအိမ်မှာမနေနိုင်အောင် နှင်ထုတ်ပြီးဖြစ်ပါတယ်။ အလားတူပဲ မောင်တောကို တိုက်ခိုက်ဖို့လုပ်ဆောင်နေတဲ့ အချိန်မှာပဲ ဒေသခံဘင်္ဂါလီများ၊ ဒုက္ခသည်များကိုထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ပစ္စည်း များကို လုယူရန် ကြံစည်ခြင်းဖြစ်ပြီး မအောင်မြင်တဲ့အခါမှာ ယခုလိုဂိုဒေါင်ကို Drop Bomb ချပြီး မီးရှို့ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။
နောက်တစ်ခုကတော့ AA ရဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုလုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ မေလအထိ ရခိုင်ပြည်နယ်မှာ ပင်လယ်ရေကြောင်း လမ်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၄၆ မှုရှိပါတယ်။ တရားခံ ၂၆၆ ဦး ဖမ်းမိခဲ့ပါတယ်။ အများစုကတော့ AA နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အသိုင်း အဝိုင်းတွေပဲ ဖြစ်ပါတယ်။ စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်း၊ အိုက်စ် ၄၁ တန်၊ ကက်တမင်း ၁ ဒသမ ၄ တန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ AA အနေနဲ့ စတင် ထူထောင်လာကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းကို အစဉ်တစိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လုပ်ဆောင်ရသလဲဆိုတော့ ဒီမူးယစ်ဆေးဝါးနဲ့ပဲ ဒေသတွင်း မှာရှိတဲ့ ပြည်သူတွေ အကျင့်စာရိတ္တပျက်ပြားနေမှသာ AA သောင်းကျန်းသူအဖွဲ့တွင်းကို ဝင်ရောက်နိုင်ရေး ပိုမိုစည်းရုံးဖို့ လွယ်ကူမယ်၊ လွယ်လွယ်ကူကူရတဲ့ငွေနဲ့ လက်နက်၊ ခဲယမ်းတွေဝယ်နိုင်မယ်၊ တရားမဝင် ထောက်ပံ့မှုတွေ လုပ်နိုင်မယ်ဆိုတာကိုရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူ အဖွဲ့က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အောင်မြတ်ကျော်ဆိုရင် ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ ၂၀၁၅ ခုနှစ်အတွင်းမှာ ပြင်ဦးလွင်ကနေ ရန်ကုန်၊ ဘားအံကနေ ရန်ကုန်ကို ၁၀ ကြိမ်လောက် လက်နက်၊ ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေကို ဆီသယ် ဆောင်တဲ့ကားတွေမှာ အံဝှက်တွေပြုလုပ်ပြီး သယ်ဆောင်ခဲ့တယ်ဆိုတာကို သူ့ကို ဖမ်းဆီးရမိပြီး အစစ်ခံတဲ့အထဲမှာ အစစ်ခံခဲ့ပါတယ်။ နိုင်ငံပိုင်သတင်းဌာနတွေရှေ့မှာ လည်း သူ့ရဲ့ဝန်ခံချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တစ်ခုမှာဆိုရင် အိုက်စ်တို့၊ ကဖင်းတို့ ဖမ်းဆီးရမိတာတွေရှိတယ်။ အသုံးပြုတဲ့ယာဉ်တွေ၊ စက်လှေတွေ၊ ဂိုဒေါင်တွေကို ငှားရမ်းအသုံးပြုခဲ့တာ တွေ့ရပါတယ်။ AA သောင်းကျန်းသူအဖွဲ့ဝင် အများအပြား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ရခိုင် ပြည်နယ်ကိုပို့မယ့် ကဖင်းဖမ်းဆီးရမိမှုဖြစ်စဉ်အရ AA သောင်းကျန်းသူတွေအနေနဲ့ အိုက်စ်တို့၊ ကဖင်းတို့ကို အသုံးပြုပြီးတော့ ရခိုင်ပြည်နယ်မှာပဲ စိတ်ကြွရူးသွပ်ဆေးပြား တွေ ပြောင်းလဲထုတ်လုပ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်တွေ၊ မူးယစ်ဆေးအရေအတွက်တွေကိုကြည့်ရင် ရခိုင်ပြည်နယ် မှာရှိနေတဲ့ လူဦးရေအားလုံး သုံးစွဲနိုင်တဲ့ပမာဏထက် သာလွန်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာဘာလဲဆိုတော့ အဓိကကတော့ တစ်ဖက်နိုင်ငံကို အမြောက်အမြားပို့ဆောင် ခဲ့တာတွေ၊ တစ်ဖက်နိုင်ငံမှာလည်း အမြောက်အမြားဖမ်းမိတာတွေ၊ ရခိုင်ဒေသကို အခြေခံပြီး ပင်လယ်ပြင်ကနေ အခြားနိုင်ငံတွေကို ထွက်တာတွေကို ဆောင်ရွက်တာကို တွေ့ရပါတယ်။
ဒါကြောင့် AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ AA ရဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှု လုပ်ရပ်တွေ၊ သယ်ဆောင်မှုလုပ်ရပ်တွေ၊ မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်မှာပဲ ထုတ်လုပ်ဖို့လုပ်နေတဲ့ လုပ်ရပ်တွေအားလုံးဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကို ဖျက်ဆီးရုံသာမက ဒေသတွင်းမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရေး၊ အကြမ်းဖက် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက်နေတယ်ဆိုတာ တွေ့ရပါ တယ်။ အားလုံးသတိရှိကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အကြမ်းဖက်၊ မူးယစ်ဆေးဝါးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၆-၂၀၂၄)
- AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ကိုထောက်ခံအားပေးသည့် ရခိုင်တိုင်းရင်းသားအချို့နှင့်အတူ မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) ၏ ဂိုဒေါင်များအား အကြိမ်ကြိမ်ဝင်ရောက်ရန် ကြိုးစားခဲ့ သဖြင့် ဒေသခံဘင်္ဂါလီရွာသားများသည် ဂိုဒေါင်များအတွင်းရှိ ရိက္ခာများအား လုံခြုံ စိတ်ချသည့်နေရာများသို့ ပြောင်းရွေ့ခဲ့။
- ရွေ့ပြောင်းခဲ့သည့်နေရာများအား AA အကြမ်းဖက်သောင်းကျန်းသူများက Drone ယာဉ် အသုံးပြု၍ ကင်းထောက်လှမ်းခဲ့ရာ အဆိုပါဂိုဒေါင်များပေါ်၌ UN ဆိုသည့် ကုလသမဂ္ဂအမှတ်အသားအား ထင်ထင်ရှားရှား ရေးသားထားသည်ကို သိလျက်နဲ့ Drone Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဂိုဒေါင်များ မီးလောင်ပျက်စီးခဲ့။
- ဒေသခံဘင်္ဂါလီရွာသားများက သယ်ထုတ်၍လာရောက်သတင်းပို့ခဲ့သည့် ဆန်အိတ် များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မောင်တောမြို့ရှိ အိမ်ထောင်စု ၂,၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုလျှင် ဆန်အိတ်တစ်အိတ်နှုန်း ပြန်လည်ဖြန့်ဝေပေးခဲ့။
- AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီများကိုလည်း နေအိမ်များ၌ နေထိုင်နိုင်ခြင်းမရှိစေဘဲ နှင်ထုတ်ပြီးဖြစ်။
- AA အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ မေလအထိ ရခိုင်ပြည်နယ်၌ ပင်လယ်ရေကြောင်းလမ်းကိုအသုံးပြု၍ မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်းကို လုပ်ဆောင်ခဲ့ရာ အစိုးရအနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၄၆ မှု၊ တရားခံ ၂၆၆ ဦး ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်း၊ အိုက်စ် ၄၁ တန်၊ ကက်တမင်း ၁ ဒသမ ၄ တန် သိမ်းဆည်းရမိခဲ့။
- AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စတင်ထူထောင်လာကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းကို အစဉ်တစိုက်လုပ်ဆောင်ခဲ့ရာ မူးယစ်ဆေးဝါးဖြင့် ဒေသအတွင်းရှိ ပြည်သူများအား အကျင့်စာရိတ္တပျက်ပြားစေ၍ AA သောင်းကျန်းသူ အဖွဲ့အတွင်း ဝင်ရောက်နိုင်ရေး စည်းရုံးလွယ်ကူစေရန်၊ လွယ်လွယ်ကူကူ ရရှိနိုင် သည့်ငွေဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူရန်၊ တရားမဝင် ထောက်ပံ့မှုများ ပြုလုပ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်။
- ၂၀၁၆ ခုနှစ်၌ ဖမ်းဆီးရမိခဲ့သည့် AA သောင်းကျန်းသူအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ အောင်မြတ်ကျော်သည် ထွန်းမြတ်နိုင်၏ တာဝန်ပေးချက်အရ ၂၀၁၅ ခုနှစ်အတွင်း၌ ပြင်ဦးလွင်မှ ရန်ကုန်၊ ဘားအံမှ ရန်ကုန်သို့ ၁၀ ကြိမ်ခန့် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား ဆီသယ်ဆောင်တဲ့ကားများအတွင်း အံဝှက်များပြုလုပ်၍ သယ်ဆောင်ခဲ့သည်ကို ဖော်ထုတ်သိရှိရပြီး နိုင်ငံပိုင်သတင်း ဌာနများရှေ့၌လည်း သူ့၏ဝန်ခံချက်ကို ထုတ်လွှင့်ခဲ့ပြီးဖြစ်။
- ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကဖင်းဖမ်းဆီးရမိမှုဖြစ်စဉ်အရ AA သောင်းကျန်းသူ များသည် အိုက်စ်တို့၊ ကဖင်းတို့ကို အသုံးပြု၍ ရခိုင်ပြည်နယ်အတွင်း၌ စိတ်ကြွ ရူးသွပ်ဆေးပြားများ ပြောင်းလဲထုတ်လုပ်ရန် ကြိုးစားလျက်ရှိ။
- ဖမ်းဆီးရမိသောဆေးပြားနှင့် မူးယစ်ဆေးဝါးအရေအတွက်များသည် ရခိုင်ပြည်နယ်ရှိ လူဦးရေအားလုံး သုံးစွဲနိုင်သည့်ပမာဏထက် သာလွန်နေတာကို တွေ့ရှိရသဖြင့် ရခိုင်ပြည်နယ်ကိုအခြေခံ၍ တစ်ဖက်နိုင်ငံသို့ ပင်လယ်ပြင်မှ အမြောက်အမြား ပို့ဆောင်လျက်ရှိ။
- AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်၌ ထုတ်လုပ်ရန်လုပ်ဆောင်နေသည့် လုပ်ရပ်အားလုံးသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုကို ဖျက်ဆီးရုံသာမက ဒေသအတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရေး၊ အကြမ်းဖက်လုပ်ငန်းစဉ်များ ပေါ်ပေါက် လာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း တွေ့ရှိရ။
Add new comment