ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ အီရန်နိုင်ငံ တီဟီရန်မြို့၌ကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

 

          အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇွန်လ ၂၄ ရက်တွင် အီရန် နိုင်ငံတီဟီရန်မြို့၌ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင်-

  • ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးသည် အေစီဒီဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်း တာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံကိုကြိုဆိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်း ပြောကြားခဲ့။
  • နိုင်ငံခြားရေးဝန်ကြီးများ နှင့်ကိုယ်စားလှယ်များသည် အေစီဒီပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်း ဆွေးနွေး ပြောကြားခဲ့။

          အစည်းအဝေး၌ “အေစီဒီအတွင်းရေးမှူးရုံး၏ စည်းမျဉ်းစည်းကမ်းများ”နှင့် “အေစီဒီ အဖွဲ့၏ လုပ်ထုံးလုပ်နည်းများ”ကို သဘောတူညီခဲ့ကြသည့်အပြင် အစည်းအဝေး ရလဒ်အဖြစ် “တီဟီရန် ကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများ၏တူညီဆန္ဒဖြင့် ထုတ်ပြန် နိုင်ခဲ့ပြီး အေစီဒီအဖွဲ့ဝင်နိုင်ငံ (၃၁) နိုင်ငံနှင့်ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း (၈) ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

          အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိတွင် အေစီဒီ၌ ဒေသတွင်း အုပ်စုကြီး  ၅ ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ ၃၅ နိုင်ငံပါဝင်၍ မြန်မာနိုင်ငံသည် အေစီဒီစတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများအကြား “ကုလ သမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်”နှင့် ကိုက်ညီ သည့် အဓိကမဏ္ဍိုင်ကြီး (၆) ခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်သွားရန် သဘော တူညီထားကြောင်း သိရှိရပါသည်။   

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၆-၂၀၂၄)

  • အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ကို ရှင်းလင်းပြောကြားခဲ့။
  • အစည်းအဝေး ရလဒ်အဖြစ် “တီဟီရန် ကြေညာချက်ကို အဖွဲ့ဝင်နိုင်ငံများ ၏တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ပြီး အေစီဒီအဖွဲ့ဝင်နိုင်ငံ (၃၁) နိုင်ငံနှင့်ဒေသ တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း (၈) ခုမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့။

 

Add new comment