ဇွန်လ ၂၃ ရက်တွင် မြင်းခြံမြို့နယ်၊ မြင်းခြံ - မကျီးသမျှား သွားကားလမ်းတွင် မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ပစ်ခတ်ခဲ့ကြောင်း သတင်းအရ အခင်းဖြစ်ရာသို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးစဉ် မြင်းခြံမြို့နယ်၊ စခမ ကျေးရွာ မြတ်ပုညပရဟိတအသင်းတံဆိပ်ပါ မော်တော်ယာဉ်ပေါ်၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ သက်တော် (၅၀) ၊ ဝါတော် (၁၂) ဝါတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် တို့ဖြင့် ပျံလွန်တော်မူနေပြီး ဦးအောင်မျိုးသောင်းတွင် ပေါက်ပြဲဒဏ်ရာများဖြင့် တွေ့ရှိ ရပါသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇွန်လ ၂၂ ရက်တွင် စခမကျေးရွာနေ မဝင့်ဝါအေးသည် ဗိုက်အောင့်ဝေဒနာ ခံစားနေရသည့်အတွက် စခမကျေးရွာ မြတ်ပုညပရဟိတအသင်း ယာဉ်ဖြင့် ဆရာတော်မှမောင်းနှင်ပြီး အဖော်အဖြစ် ဦးအောင်မျိုးသောင်းအား ခေါ်ဆောင်၍ ထွက်လာခဲ့ပြီးနောက် လူနာအားနေအိမ်သို့ ပို့ဆောင်၍ ပြန်လည်ထွက်ခွာခဲ့ရာ မြင်းခြံ - မကျီးသမျှားသွားကားလမ်း ဖြစ်စဉ်နေရာအနီးအရောက်တွင် PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ယာဉ်၏ အမိုးပေါ်တွင် လုံခြုံရေးမီးတန်းပုံစံပါရှိသဖြင့် လုံခြုံရေးယာဉ်အဖြစ် မှားယွင်းပစ်ခတ် ခြင်းဖြစ်နိုင်ကြောင်း ဒဏ်ရာရရှိခဲ့သည့် ဦးအောင်မျိုးသောင်း၏ပြောဆိုချက်အရ သိရှိရ ပါသည်။
NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာ ပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးသူ ရဟန်းသံဃာတော် ၉၄ ပါး၊ သီလရှင် ၁ပါး၊ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၂၇ ပါး ၊ သီလရှင် ၁ပါး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၆-၂၀၂၄)
- မြင်းခြံမြို့နယ်၊ မြင်းခြံ - မကျီးသမျှားသွားကားလမ်းပေါ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ သက်တော် (၅၀) ၊ ဝါတော် (၁၂) ဝါတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် တို့ဖြင့် ပျံလွန်တော်မူနေပြီး ဦးအောင်မျိုးသောင်းတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့။
- NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ရဟန်းသံဃာတော် ၉၄ ပါး၊ သီလရှင် ၁ပါး၊ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၂၇ ပါး ၊ သီလရှင် ၁ပါး ရှိပြီဖြစ်။
Add new comment