ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ (၂၀၂၄) သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့တက်ရောက်မည်

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ (Fukuoka) အခြေစိုက်အာရှပစိဖိတ်ဒေသ ကလေးများ ဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention - APCC) က ဦးစီး၍ နှစ်စဉ် ဇူလိုင်လတွင် ကျင်းပသည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp - 2024) သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံက ပါဝင်တက်ရောက်မည်ဖြစ်ပါသည်။

ယင်းသို့တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း(MJA)က ဦးစီး၍ အ.ထ.က (၁) ဒဂုံ၊ ရန်ကုန်မှ ဆဋ္ဌမတန်းကျောင်းသား မောင်လင်းထက်ပိုင်(၁၂ နှစ်)၊ ကမာရွတ် လေ့ကျင့်ရေးကျောင်း TTC ၊ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသား မောင်ဘုန်းဇေဟိန်း (၁၂ နှစ်)၊ အ.ထ.က (၁) ဒဂုံ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသူ မသွန်းသက်ထားအောင် (၁၁ နှစ်)နှင့် အ.ထ.က (၂)၊ မင်္ဂလာဒုံ၊ ရန်ကုန် (အောင်ဆန်းသူရိယလှသောင်းကျောင်း)မှ ပဉ္စမတန်းကျောင်းသူ မရှင်းသန့်ဖြူ (၁၁ နှစ်) တို့ကို ရွေးချယ်ဖွဲ့စည်းလေ့ကျင့်ပေးလျက် ရှိပါသည်။

မြန်မာနိုင်ငံမှ Junior Ambassador လေးဦးအား မြန်မာ-ဂျပန်အသင်း၏ အတွင်းရေးမှူးဖြစ်သူက အုပ်ချုပ်သူအဖြစ်လိုက်ပါ၍ ဇူလိုင်လပထမပတ်တွင် ဂျပန် နိုင်ငံ ဖူကူအိုကာမြို့သို့ သွားရောက်မည်ဖြစ်ပြီး ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြားအာရှ-ပစိဖိတ်ဒေသ ၄၈ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းဝင် တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား ကျောင်းသူများ၏ ကျောင်းများသို့ အတူ သွားရောက်လေ့လာခြင်းနှင့် ဂျပန်ကျောင်းသား ကျောင်းသူများ၏နေအိမ်တွင် Home Stay နေထိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၆-၂၀၂၄)

  • ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၌ နှစ်စဉ် ဇူလိုင်လတွင် ကျင်းပသည့် နွေရာသီ အပြည် ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲသို့ မြန်မာနိုင်ငံက Junior Ambassador ၄ ဦး ပါဝင်တက်ရောက်မည်ဖြစ်။
  • ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြား အာရှ-ပစိဖိတ်ဒေသ ၄၈ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းဝင် တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန် ကျောင်းသား ကျောင်းသူများ၏ ကျောင်းများသို့ အတူသွားရောက်လေ့လာခြင်း နှင့် ဂျပန်ကျောင်းသား ကျောင်းသူများ၏နေအိမ်တွင် Home Stay နေထိုင်ခြင်း များ ဆောင်ရွက်သွားမည်ဖြစ်။

Add new comment