အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ဇွန်လ ၂၂ ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈) သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ၂ သိန်း ၃ သောင်း ကျော်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲတိုးတက်ခဲ့ပါကြောင်း။
- ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု သည် ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ် အလားတူ ကာလအတွင်း ခရီးသွား ဧည့်သည်ရောက်ရှိမှု ၃ သိန်း ၁ သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့ ပါကြောင်း။
- ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာအသုံးချရန်၊ ခရီးသွား ဧည့်သည်များ ငွေပေးချေမှုတွင် Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း။
- MSMEs လုပ်ငန်းများအပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများတွင် Ease of Doing Business လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူအဆင်ပြေစေရန်ကိုလည်း ကာလရှည်ရည်မှန်းချက် တစ်ခုအဖြစ် ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
- အဓိကခရီးသွားဈေးကွက်ဝင် နိုင်ငံများနှင့် အလားအလာရှိသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုရရှိရန် ပြည်ဝင်ဗီဇာလွယ်ကူရေး လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာများအားလည်းကောင်း၊ ဗဟိုကော်မတီ အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၄)
- မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈) သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ၂ သိန်း ၃ သောင်း ကျော်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲတိုးတက်ခဲ့။
- ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု သည် ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ် အလားတူ ကာလအတွင်း ခရီးသွား ဧည့်သည်ရောက်ရှိမှု ၃ သိန်း ၁ သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့။
- ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာအသုံးချရန်၊ ခရီးသွား ဧည့်သည်များ ငွေပေးချေမှုတွင် Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်လို။
Add new comment