နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ခရီးစဉ်၌လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝန်ကြီး ချုပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မိတ္ထီလာ-သာစည်လမ်းရှိ ဦးမြဟန် ဆိတ်နှင့်သိုး မွေးမြူရေးလုပ်ငန်းသို့လည်းကောင်း၊ ဆူးဖြူခက်ကျေးရွာရှိ GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်းသို့လည်းကောင်း၊ တောမကျေးရွာရှိ ကောင်းထက်စံနို့စားနွားမွေးမြူရေးခြံသို့လည်းကောင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်သို့ရောက်ရှိကြပြီး မြန်မာနိုင်ငံရှိ မိရိုးဖလာယက္ကန်းလုပ်ငန်းများကို လည်းကောင်း၊ ဝမ်းတွင်းမြို့ရှိ ရွှေသဲတောကုမ္ပဏီ၊ ကိန္နရီချည်ချောလုံချည် ထုတ်လုပ်ရေး လုပ်ငန်းစုသို့လည်းကောင်း သွားရောက်လေ့လာခဲ့ပြီး လုပ်ငန်းလည်ပတ်နေမှုအခြေ အနေများအား သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ရှင်းလင်းတင်ပြခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းရှင် များအားမှာကြားရာတွင်-
- မိရိုးဖလာစနစ်အတိုင်းမွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းအဖြစ်သို့ လည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း။
- အကောင်လိုက်ရောင်းချခြင်းထက် အသားကို အဆင့်မီထုတ်ကုန်အဖြစ် ထုတ် လုပ်၍ အေးခဲသားများ၊ အသားခြောက်များ ပြုလုပ်ရောင်းချနိုင်ရေးအတွက် အသားထုတ်လုပ်မှုစက်ရုံကိုလည်း ဆောင်ရွက်သင့်ကြောင်း။
- ဆိတ်များအား အမျိုးအစားအလိုက်၊ အသက်အရွယ်အလိုက် အသားနူးညံ့မှုနှုန်း ထားနှင့် အာဟာရပါဝင်မှုနှုန်းထားများကိုလည်း သုတေသနပြု ဆောင်ရွက်သင့်ကြောင်း။
- ပြည်ပနိုင်ငံများ၏ မွေးမြူမှုစနစ်များနှင့် အစာကျွေးမွေးမှု စနစ်များကိုလည်း အမြဲမပြတ်လေ့လာကြည့်ရှုရန်လိုကြောင်း။
- ပြည်တွင်း အထည်အလိပ်ထုတ် လုပ်ရေးလုပ်ငန်းများ၌ အချို့သောချည်များကို ပြည်ပမှတင်သွင်းနေရကြောင်းနှင့် ပြည်တွင်းထုတ်ချည်မျှင်များကို အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ပြီး အသုံးပြုနိုင်ပါက ပိုမိုအကျိုးရှိစေမည်ဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များလည်း လျော့ကျလာစေမည်ဖြစ်ကြောင်း။
- ပြည်တွင်းမှထွက်ရှိသည့်ချည်များဖြင့် အထည်များ ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် တင်ပြချက်များအနက် လတ်တလောဖြေရှင်းပေးနိုင်သည့် အခက်အခဲများ အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခက်အခဲများအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့။
Add new comment