ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ဇွန်လ ၁၄ ရက်တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်-
- ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ကို “မြစ်တစ်စင်းနှင့် မျှဝေသောအနာဂါတ်” မဲခေါင်-လန်ချန်း စိတ်ဓါတ်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့။
- မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွား အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘော တူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။
အဆိုပါသဘောတူညီချက်အရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ၆ ခုက အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်း ခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံစီမံကိန်း ၁၁၈ ခုကို လက်ခံရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၆-၂၀၂၄)
- တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွားမည်ဖြစ်။
- အဆိုပါစီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့။
- မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ၆ ခုက အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း စုစုပေါင်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်။
Add new comment