ပြည်ထောင်စုဝန်ကြီးများ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တို့သည် မြန်မာ နိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini  Ponnamperuma ကို ဇွန်လ ၁၂ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် သီရိလင်္ကာနှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ဆက်သွယ်မှု၊ အပြန်အလှန် အလေးထားမှု၊ ကန္ဒီမြို့တွင် ဗုဒ္ဓတက္ကသိုလ် တည်ထောင်ခဲ့မှု၊ ယခုနှစ်တွင် ကျင်းပ မည့် ကန္ဒီမြို့ရှိ ဗုဒ္ဓစွယ်တော်လှည့်လည် ပူဇော်ပွဲသို့   လာရောက်ရန် ဖိတ်ကြားမှု၊ နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်တို့ကို နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ၊ ကမ်းဝေးငါး ဖမ်းဆီးမှုလုပ်ငန်းတွင် နိုင်ငံတကာပင်လယ်ရေပိုင်နက်ဆိုင်ရာ သဘောတူညီချက် များနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ဆေးဝါးထုတ် လုပ်မှုကဏ္ဍတွင် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်း ဆေးဝါးထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရှင်များ အပြန် အလှန် အတွေ့အကြုံဖလှယ်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ လယ်ယာကဏ္ဍ ဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စ များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment