နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachige Prabashini Ponnamperuma နှင့် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံ (UAE) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abdulijaleel Mohamed AI Faheem တို့သည် ဇွန်လ ၁၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါသည်။
- မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ရဟန်းသံဃာ များနှင့် သာသနာနွယ်ဝင် သီလရှင်များ သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားလျက် ရှိမှုနှင့် သီရိလင်္ကာနိုင်ငံရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား မြန်မာနိုင်ငံမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လျက်ရှိမှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ နှစ်နိုင်ငံအကြားအပြန်အလှန် ကုန်သွယ်မှုများ မြှင့်တင်ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့။
- မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများတိုးမြှင့်ရေးကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ များလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ၍ သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားအပြန်အလှန် ကုန်သွယ်မှုများမြှင့်တင်ရေး၊ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ စိစစ်ဆောင်ရွက် လျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့။
Add new comment