သန်လျင်တံတား အမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ

NUG လက်အောက်ခံ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များသည် ဇွန်လ ၈ ရက် တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်း၌ စိန်ကြီး၊ ချိုကြီး၊ မင်းသူ၊ မောင်ဟိန်း၊ အောင်သူရထွန်း၊ ပြည့်ဖြိုးဇော်နှင့် ထက်အာကာလင်းတို့ ၇ ဦးအား ၁ဝ၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက်တွင် ရှော့တိုက်ဒုံး ပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်အားလည်းကောင်း၊ ဇာနည်အောင်အား ၎င်းနေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့၏ထွက်ဆိုချက်အရ-

  • Brigate Drone Force PDF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ အာကာမင်း မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံးချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ကြောင်း။
  • သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်၍ လုပ်ကြံပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ဖြူနှင်းအေးမှ စိန်ကြီး အား ဆက်သွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့ကြောင်း။
  • စိန်ကြီး၊ ဇာနည်အောင်နှင့် ချစ်ကေခိုင်တို့ ၃ ဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ) ကျား ၂ ဦး ထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း။
  • စိန်ကြီး၊ ချိုကြီး၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင် နှင့် ချစ်ကေခိုင်တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင် တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့ သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြောင်း။
  • ၁၀၇ မမရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်း အောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်း ဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ်သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၄)

  • သန်လျင်တံတား အမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမား တရားခံ ကျား ၈ ဦး၊ မ ၁ ဦး ပေါင်း ၉ ဦးတို့နှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာ ကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့။

 

 

Add new comment