သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ ဒေသန္တရလက်လုပ်မိုင်း တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်း

ဇွန်လ ၄ ရက်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့် ဒုံဝန်းကြား ရထားလမ်းပေါ်၌ ပလတ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းအား တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး  တပ်ဖွဲ့ထံ  သတင်းပို့ခဲ့ရာ နယ်မြေဒေသတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမိုင်းအား သက်မဲ့ပြုလုပ်ရှင်းလင်းပေးခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ အမှတ်(၈၁)အဆန် လူစီးအမြန်ရထား၊ အမှတ်(၆၈၅)၊  အမှတ်(၆၈၇) ကျောက်ရထားနှင့် အမှတ်(၂၇၁) ကုန်ရထားတို့အသီးသီးရပ်တန့်စောင့်ဆိုင်ခြင်း ပြုလုပ်ခဲ့ကြောင်းနှင့် မိုင်းရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးနောက် ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်း များအား မိုင်းခွဲဖျက်ဆီးခြင်း(၁၆၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် အသက် အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှု မရှိစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)

  • ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာကြား ရထားလမ်းပေါ်၌ ပလတ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းနိုင်ခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထား တံတား/သံလမ်း များအား မိုင်းခွဲဖျက်ဆီးခြင်း(၁၆၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့။

Add new comment