ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများကို ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက-

· ဗီဇပြောင်းမျိုးကွဲအသစ် အိုမီခရွန် (Omicron)နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများ၏ အသွားအလာကန့်သတ်ခြင်းများကို အချိန်တိုးမြှင့်ကာ ကြပ်မတ်ဆောင်ရွက်ခြင်း၊ RT-PCR နည်း စနစ်ဖြင့် ရောဂါပိုးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်နေပြီး ဖြစ်ပွားလာခဲ့ပါက လက်ခံကုသနိုင်ရေးအတွက်လည်း တစ်ပြိုင်တည်းပြင်ဆင်ဆောင်ရွက်နေပါကြောင်း။

· တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ (၁၉ ဒသမ ၅)သန်းကျော်ရှိပြီဖြစ်ရာ ပထမအကြိမ်ထိုးနှံပြီးပါက အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်သဖြင့် ပထမအကြိမ်ထိုးနှံခြင်းကို လွှမ်းခြုံမှုကောင်းအောင် ရည်မှန်းဆောင်ရွက်နေပါကြောင်း။

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများလည်း လုံလောက်စွာ ရှိပြီး ထပ်မံရောက်ရှိမည့်အပြင် ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီ စတင်ထုတ်လုပ်နိုင် မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးတို့သည် တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီး၌ ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် တည်ဆောက် ထားရှိသည့် အဆောက်အဦသစ်သို့ သွားရောက်ကြည့်ရှု၍ အဆိုပါအဆောက်အဦ၌ ဆေးကုသရေးလုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။