ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သံဃာတော် (၅၅၅၅) ပါးအား ပစ္စည်းလေးပါး လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ

ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သံဃာတော် (၅,၅၅၅) ပါးအား ပစ္စည်းလေးပါးလှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ဇွန်လ ၁ ရက်တွင်  ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တသီလဂုဏနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ် နိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များ၌နေထိုင်သော ဗီယက်နမ်အလှူရှင်များ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သံဃာတော် (၅,၅၅၅) ပါးအတွက် လှူဒါန်းသည့် အလှူတော်ငွေများ ပေးအပ်လှူဒါန်း၍ ခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၄)

  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သံဃာတော် (၅,၅၅၅) ပါးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ပစ္စည်းလေးပါးနှင့် ဆွမ်းဆန်တော် လောင်းလှူခဲ့။

Add new comment

Switch to plain text editor