တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ “ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းပွဲတော်”အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

          မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲများကို ကျင်းပပြုလုပ်ကြရာ ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည် ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန် စိမ်းလောင်းလှူခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ် ဒါနသီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင်ရွက်ကြ သည့်အပြင် ဘုရား၊ စေတီ၊ ပုထိုးများရှိ မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေ သွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခြင်းများဖြင့် စည်ကား လျက်ရှိပါသည်။

          သာသနာတော်နှစ် ၂၅၆၈ နှစ်သို့ ကူးပြောင်းရောက်ရှိမှုအထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်အပါး (၁၀၂၇၂) ပါးတို့အား ဆွမ်း၊ ဆွမ်း ဟင်း၊ လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများနှင့် နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပွဲကိုသက်ဆိုင်ရာနေရာများ၌ တစ်ပြိုင်တည်းကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များက သတ်မှတ်နေရာများမှ သဒ္ဓါတရားထက်သန်စွာဖြင့် ကြည် ညိုဖွယ်ရာလောင်းလှူခဲ့ကြပါသည်။

          အလားတူ ဥပ္ပတသန္တိစေတီတော်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား  ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁,၀၈၀ ဦးတို့က ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၄)

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲများကို ကျင်းပပြုလုပ်ကြရာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများအပြင် ဘုရား၊ စေတီ၊ ပုထိုးများရှိ မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်း လောင်းပူဇော်ခြင်းများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိ။
  • သာသနာတော်နှစ် ၂၅၆၈ နှစ်သို့ ကူးပြောင်းရောက်ရှိမှုအထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်အပါး (၁၀၂၇၂) ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများနှင့် နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပွဲကိုသက်ဆိုင်ရာနေရာများ၌ တစ်ပြိုင်တည်းကျင်းပခဲ့။

 

 

 

 

 

 

Add new comment