ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုး ရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော် အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီလ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းစခန်း ၁၀ ခုတွင် သင်တန်းသား၊ သင်တန်းသူ ၈၁၈ ဦးဖြင့်လည်းကောင်း၊ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းများကို သင်တန်းစခန်း ၁၇ ခုတွင် စုစုပေါင်းသင်တန်းသား ၈၅၀ ဦးဖြင့်လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။
မေလ ၁၇ ရက်တွင် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံတန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲများပြုလုပ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)မှ ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြ၍ ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် မေလ ၁၈ ရက်တွင် သင်တန်းသား/ သင်တန်းသူများ၊ အုပ်ချုပ်သူ နည်းပြ/ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သူရဲကောင်းဗိမာန် (နေပြည်တော်) နှင့် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၄)
- ၂ဝ၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်းပွဲများ ပြုလုပ်၍ သင်တန်းသား/ သင်တန်း သူများအား နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သူရဲကောင်းဗိမာန် (နေပြည်တော်) နှင့် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာစေခဲ့။
Add new comment