ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့် ခရီး သွားအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသော မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များကို မေလ ၁၅ ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က-
- ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်ပြီး ပြပွဲများနှင့် အစည်းအဝေးများကျင်းပခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း အကောင် အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အုံများ ပြည့်စုံမှုရှိကြောင်း။
- နေပြည်တော်တွင် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ခရီး သွားဆွဲဆောင်ရာနေရာ ၃၈ နေရာရှိသည့်အတွက် လာရောက်မည့် ခရီးသွား ဧည့်သည်များက ရသမျိုးစုံခံစားနိုင်သော ခရီးစဉ်ဒေသတစ်ခုပင်ဖြစ်ပါကြောင်း။
- ယခု ဖန်ထရစ်ခရီးစဉ် (FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်တော် ကြီးများအနေဖြင့် ခရီးစဉ်ပြီးမြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေပေးကြစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ- တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. David Liu က-
- ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံတွင် ကြားသိရသော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နိုင် သည့် သတင်းများမှာ သတင်းအတု၊ သတင်းအမှားများဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
- မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေအား ယခုခရီးစဉ်တွင် တရုတ်မီဒီယာများ၌ တိုက်ရိုက်လွှင့်တင်လျက်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လွှင့်တင်သွားမည်ဖြစ်ပါကြောင်း။
- ယခုခရီးစဉ်၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမို ဝင်ရောက်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအဖွဲ့တွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများ၊ ခရီးသွားအေဂျင်စီများနှင့် မီဒီယာများပါဝင်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ရန်ကုန်၊ ငွေဆောင်တို့သို့ သွားရောက်လည်ပတ် ခဲ့ကာ နေပြည်တော်၊ ပုဂံ၊ မန္တလေးတို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဆက်လက် သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာ-တရုတ် ခရီးသွား မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် ပါဝင်သည့် အဖွဲ့ဝင်များအား တွေ့ဆုံစဉ် ယခုခရီးစဉ်ပြီးမြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေပေးကြစေလိုပါ ကြောင်း ပြောကြားခဲ့။
- မြန်မာ- တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. David Liu က တရုတ်နိုင်ငံတွင် ကြားသိရသော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နိုင်သည့် သတင်းများမှာ သတင်းအတု၊ သတင်းအမှားများသာဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေအား ယခု ခရီးစဉ်တွင် တရုတ်မီဒီယာများ၌ တိုက်ရိုက်လွှင့်တင်လျက်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လွှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
Add new comment