နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲတက်ရောက်၊ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ နောင်တုံကန်ပတ် လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့် နေရာတွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြို့မိမြို့ဖ ဦးစိုင်းရီတစ်ပဝုန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကျေးဇူတင်စကား ပြောကြားခြင်း၊ အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ကို ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခြင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ပြတိုက်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခြင်းနှင့် ဘင်ခရာတီးဝိုင်းနှင့် ပန်းပွား အကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်ဆောက်လုပ်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် တာဝန် ရှိသူများကို ချီးမြှင့်ငွေများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အတွင်း၌ ခင်းကျင်းပြသထား သည်များကို စိတ်ဝင်တစားလိုက်လံကြည့်ရှုခဲ့ပြီး သမိုင်းမှတ်တမ်းအထောက်အထား များ ယခုထက်ပိုမိုပြည့်စုံစွာရရှိနိုင်ရေး၊ ရှိပြီးဖြစ်သည့် ရှေးဟောင်းအသုံးအဆောင် ပစ္စည်းများ ပျက်စီးမှုမရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းပြီး လိုအပ်ပါက မှန်များ ကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်နှင့် မပျောက်ပျက်အောင် အဆင့် ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ ပါသည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး၏ ကျိုင်းတုံဟော်နန်းကြီးကို ၁၉၀၃ ခုနှစ် တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင်ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ဥရောပနှင့် အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာ နှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေအဆောက်အဦဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့မိမြို့ဖများ၏ တောင်းဆိုချက်အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားတို့၏ သမိုင်းဝင်အဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော် ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား များအချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှုနှင့် လူမှုစီးပွားတိုးတက် စေမှုတို့ကို များစွာအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အဆင့်မြှင့်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ရှင်းလင်းဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိသူများက ကျိုင်းတုံလေဆိပ်သမိုင်းအကျဉ်းနှင့် လေဆိပ်ဆိုင်ရာများ၊ လေယာဉ် ပြေးလမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အသစ်တည်ဆောက်မည့်နေရာနှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၅-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မေလ ၁၂ ရက်တွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီးစဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူ ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်၊ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • တိုင်းရင်းသားတို့၏ သမိုင်းဝင်အဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်၏ သမိုင်းအစဉ် အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှုနှင့် လူမှုစီးပွားတိုးတက် စေမှုတို့ကို များစွာအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်။

Add new comment