နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Mr. Abhay Thakur အား မေလ ၁၀ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနခန်းမများ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများနှင့် အနာဂတ်တွင်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်တွေ့ဆုံစဉ် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ငွေပေး ချေမှုဆိုင်ရာကိစ္စရပ်များ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုနှင့် အာမခံဆိုင်ရာသင်တန်းများ ပံ့ပိုးပေးနိုင်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် နှစ်နိုင်ငံလက်မှတ်ရေး ထိုးခဲ့သော MoU အရ အိန္ဒိယနိုင်ငံ၏ ကူညီမှုရန်ပုံငွေဖြင့် ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှုနှင့် အကျိုးရလဒ်များ၊ အလားတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် MoU အသစ် ထပ်မံရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Mr. Ashish Sharma နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၅-၂၀၂၄)
- တွေ့ဆုံပွဲများတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်တွင်ဆောင်ရွက်မည့် လုပ်ငန်းဆိုင် ရာများ၊ နယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ များဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment