တပ်မတော်တွင် ဆဋ္ဌမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

          တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃ ကြိမ်တွင် လူနာ ၉ ဦးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့်လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

          ယခုအခါ ဆဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို မေလ ၁၁ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ အထူး ကုသမှုစင်တာ၌ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပါသည်။

          အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၅-၂၀၂၄)

  • တပ်မတော်တွင် အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ပထမအကြိမ်မှ ပဉ္စမအကြိမ် အထိ အသည်းအစားထိုးလူနာ ၁၄ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆဋ္ဌမအကြိမ် တွင် အသည်းအစားထိုးလူနာ ၃ ဦးကို ဆောင်ရွက်ပေးမည်ဖြစ်။
  • အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ် ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့။
  • အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ။

 

 

 

Add new comment