၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေ တိုးတက်ရရှိစေရေး၊ နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊ ပြည်တွင်း၌ ပုလဲများ ရောင်းချခြင်းအား ဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့အတွက် မေလ ၃ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ-

  • ကျောက်မျက်ရတနာပြပွဲ ပထမနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ က ခင်းကျင်းပြသထားသည့်  ပုလဲအတွဲများ၊  ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ နှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ပြီး မေလ ၄ ရက်တွင် ရောင်းချမည့် ပုလဲအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့။
  • ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၂၀၀) အထိ  ခင်းကျင်းပြသထားပြီး ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချနိုင်ခဲ့။

ပုလဲအတွဲများကို  မေလ ၃ ရက်တွင် စတင်ခင်းကျင်းပြသပြီး မေလ ၄ ရက်နှင့် ၅ ရက်တို့တွင်လည်းကောင်း၊ ကျောက်မျက်အတွဲများကို မေလ  ၃ ရက်မှ ၅ ရက်အထိ ခင်းကျင်းပြသခဲ့ပြီး မေလ  ၆ ရက်တွင်လည်းကောင်း၊ (A) နှင့် (B)အုပ်စုမှ ကျောက်စိမ်း အတွဲများကို မေလ ၃ ရက်မှ ၆ ရက်အထိ ခင်းကျင်းပြသပြီး မေလ  ၇ ရက်မှ ၉ ရက်အထိလည်းကောင်း၊ (ဃ) အုပ်စုမှ ကျောက်စိမ်းအတွဲများကို မေလ ၃ ရက်မှ ၁၀ ရက်အထိ ခင်းကျင်းပြသပြီး မေလ ၁၁ ရက်မှ ၁၂ ရက်အထိ လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

         ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊  (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၀၀၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၅၀ နှင့် (C) အုပ်စုမှကျောက်စိမ်းအတွဲ   ၁၈၀၀ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀   တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၅-၂၀၂၄)

  • (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး မေလ ၄ ရက်အထိ ပုလဲအတွဲပေါင်း ၁၈၂ တွဲ ရောင်းချနိုင်ခဲ့။

Add new comment