ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရခြင်းကြောင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

မေလ ၁ ရက်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်းထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာဘူတာအကြား  သောင်းကျန်းသူအဖွဲ့၏ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံထားရသဖြင့် ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသွားပြည်သူ (၂၈၈) ဦး လိုက်ပါလာသည့် အမှတ် (၁၁) အဆန်လူစီးအမြန်ရထားသည် ရန်ကုန်ဘက်သို့လည်းကောင်း၊ မန္တလေးမှထွက်ခွာလာသည့် ခရီးသွားပြည်သူ (၁၇၄) ဦးလိုက်ပါလာသော အမှတ် (၁၂) အစုန်လူစီးအမြန်ရထားသည် မန္တလေးဘက်သို့လည်းကောင်း အသီးသီးပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့ရသဖြင့် ခရီးသည်များအား ခရီးဆုံးထိပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ အဆိုပါ လူစီးအမြန် ရထား(၂)စင်းအား ယာယီဖျက်သိမ်းခြင်းပြုလုပ်ခဲ့ရပါသည်။

မိုင်းပေါက်ကွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်နှင့် ရထားလမ်းချော်မှုဖြစ်စဉ်များကြောင့် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ဆဲဖြစ်သော အစုန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား (၁၀) တုံး၊ သံလမ်းပေ (၈၀) ခန့်ပျက်စီးသွားကြောင်း၊ အဆန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား (၃၂) တုံး၊ သံလမ်းပေ (၃၀) ခန့်ပျက်စီးခဲ့ကြောင်းနှင့် ရထားများပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများအား နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များက အချိန်နှင့်တပြေးညီ အမြန်ဆုံးဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၁) ကြိမ်၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း (၅၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် အသက် အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှု မရှိစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၅-၂၀၂၄)

  • ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရခြင်းကြောင့် ကုန်ရထားဖြတ်သန်းစဉ် ရထား  လမ်းချော်ကျမှုကြောင့်  ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်း နှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၁) ကြိမ်၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း (၅၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့။

 

Add new comment