ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့

KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့သည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက် ရန် ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကျေးရွာတို့မှတစ်ဆင့်  ကော့ကရိတ် မြို့တွင်း ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အင်အားများထပ်မံဖြည့်တင်းကာ ကော့ကရိတ် မြို့ မြောက်ခြမ်းအား ဆက်လက်တိုက်ခိုက်ခြင်း၊ အရှေ့ဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာ များမှတစ်ဆင့် မြို့အား အဝေးမှလက်နက်ကြီးများဖြင့် နှောက်ယှက်တိုက်ခိုက်ခြင်းနှင့် မြို့စွန်ရှိ ရပ်ကွက်များအတွင်းသို့ စိမ့်ဝင်၍ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်စီးခြင်း၊ ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ပါသည်။

ထိုကြောင့် တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းကာ ဧပြီလ ၁၉ ရက်မှစ၍ လက်နက်ကြီးပစ်ကူများရယူပြီး စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့၍ ဧပြီလ ၂၂ ရက်တွင် တပ်မတော်မှ အဆိုပါဒေသအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် စိုးရိမ်ထိတ်လန့်ပြီး ယာယီနေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၇ ရက်နေ့အထိ ကော့ကရိတ် မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး၊ စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက် နေထိုင်လာကြကြောင်းနှင့် ဆက်လက်၍လည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၄-၂၀၂၄)

  • ကော့ကရိတ်မြို့ပတ်ဝန်းကျင်ရှိ KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။
  • ဧပြီလ ၂၇ ရက်နေ့အထိ ကော့ကရိတ်မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး၊ စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက် နေထိုင်လာကြကြောင်းနှင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိ။

Add new comment