၂၀၂၄ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ စတင်ဖွင့်လှစ်

ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ် စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေး ကဏ္ဍအရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူလူငယ် မောင်မယ် များအတွက် ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ဧပြီလ ၂၂ ရက်တွင် တစ်ချိန်တည်းဖွင့်လှစ်ခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၈၁၈)ဦးတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီးနှင့်  ရေတပ်စခန်းဌာနချုပ်မှူးများမှ တာဝန်ရှိ သူများတက်ရောက်၍ သင်တန်းဖွင့်လှစ်ပေးခဲ့ကြပါသည်။

သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့၊ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် လက်တွေ့လိုက်ပါစီးနင်းပြီး ရန်ကုန်မြစ်တွင်းလေ့လာ ခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခြင်းနှင့် ရေတပ် Documentary

ပြသခြင်း၊ ဒေသန္တရဗဟုသုတဆိုင်ရာလေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြပါသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချ ရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွား လာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံ ရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင်  သင်တန်းစခန်း (၁၀)ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်  စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ အားလည်းကောင်း၊ လေ့လာရေးခရီးစဉ်များအဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရနေရာများ၊ နျူကလီးယားနည်းပညာသတင်း အချက်အလက် စင်တာလေ့လာရေးနှင့် စစ်ရေယာဉ်များဖြင့် ပင်လယ်ဝသို့ ရေလမ်းကြောင်းလေ့လာရေး ခရီးစဉ်ပို့ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အလားတူ လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသ သိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင် သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ ခံယူချက်မြင့်မားစေပြီး အနာဂါတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက်တွင်  နေပြည်တော်သင်တန်းစခန်းအပါအဝင် သင်တန်း စခန်း ၁၇ ခု၌ ကျင်းပခဲ့ပါသည်။

နေပြည်တော်သင်တန်းစခန်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ယခုဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို နေပြည်တော်သင်တန်းစခန်းအပါအဝင် သင်တန်းစခန်း(၁၅)ခုတွင် သင်တန်းသား (၇၅၀) ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေယာဉ် ပျံသန်းမှုအခြေခံသဘောတရား၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ RC Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်မဲ့)၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော် သမိုင်းကြောင်းစသည့်ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပါသည်။ တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းစခန်း(၂)ခုတွင် သင်တန်းသား(၁၀၀) ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ၊ Airfield Procedure ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော် သမိုင်းကြောင်းစသည့်ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပါသည်။

ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းကို မေလ ၁၇ ရက်နေ့ ထိလည်းကောင်း၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းတို့ကို မေလ ၂၄ ရက်ထိလည်းကောင်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၄-၂၀၂၄)

  • ၂၀၂၄ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ ဧပြီလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့။
  • အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူများအား စစ်ရေ ယာဉ်ဖြင့် လက်တွေ့လိုက်ပါစီးနင်းပြီး ရန်ကုန်မြစ်တွင်းလေ့လာခြင်း၊ ရေတပ်  လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခြင်းနှင့် ရေတပ် Documentary ပြသခြင်း၊ ဒေသန္တရဗဟုသုတဆိုင်ရာလေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခဲ့။
  • အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို နေပြည်တော် သင်တန်းစခန်းအပါအဝင် သင်တန်းစခန်း(၁၅)ခုတွင် သင်တန်းသား (၇၅၀) ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်။
  • တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းစခန်း (၂)ခုတွင် သင်တန်းသား(၁၀၀) ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်။

Add new comment