တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၈ ဦးအပြင် အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦး၊ စုစုပေါင်း ၃,၃၃၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ် ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ဧပြီလ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။

              အလားတူ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက် (အရေး ပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက် (ယာယီ ပြင်ဆင်ချက်) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှု များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၁၇-၄-၂၀၂၄)

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီး သီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၃၆ ဦး၊ စုစုပေါင်း ၃,၃၃၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ဧပြီလ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့။

 

 

 

 

 

Add new comment