မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်(အီးအီးစီ)တို့အကြား ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အား အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များကို ဧပြီလ ၉ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ်နှင့် ကိုယ်စားလှယ် အဖွဲ့က လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဥရောပအာရှစီးပွားရေးကော်မရှင်၊ စိုက်ပျိုးရေး ဆိုင်ရာမူဝါဒဌာန၊ စက်မှုရေးရာမူဝါဒဌာန၊ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ ဌာန၊ စွမ်းအင်ကုန်သွယ်ရေးဖွံ့ဖြိုးမှုဌာန၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုဌာန၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် စီးပွားရေးကောင်စီတို့မှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က -

  • ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပိုမိုထိ ရောက်မှုရှိစေရန်နှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကို ဖော်ထုတ်သတ်မှတ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ် ဇွန်လ အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း။
  • မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (အီးအေအီးယူ)အဖွဲ့ဝင်နိုင်ငံဖြစ် သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲ နေပြီဖြစ်သည့်အတွက် ကုန်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း။
  • အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်ရေး၊ သံနှင့် သံမဏိ၊ တန်ဖိုးမြင့်စားသောက်ကုန်များ၊ လျှပ်စစ်ကားနှင့် အခြားထုတ်လုပ်မှုများကို အဓိကဦးစားပေး  နယ်ပယ်များအဖြစ်သတ်မှတ်၍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အီးအေအီးယူ အဖွဲ့ဝင်နိုင်ငံများ အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပိုမိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

မစ္စတာ ဆာဂေးဂလေးဇီးယပ်က  ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် မြန်မာ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး တစ်နှစ်ကျော်အတွင်း အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံရေးများ ရရှိခဲ့ သည့်အပြင် မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေး ကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များကို အတူတကွပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဥရောပအာရှစီးပွားရေး ကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာစက်မှုကဏ္ဍ၊ ဘဏ္ဍာရေးနှင့်ငွေပေးချေမှု၊ ပို့ဆောင်ဆက်သွယ် ရေးနှင့် သယ်ယူပို့ဆောင်ရေး၊  စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်း ဒစ်ဂျစ်တယ် အသွင်ကူး ပြောင်းရေး၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစသည့် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ် များဖြင့် ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပူးတွဲဥက္ကဋ္ဌများက ပထမအကြိမ်အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက် နှင့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပမည့်နေ့ရက်နှင့် နေရာ တို့ကို အတည်ပြုခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကဏ္ဍအလိုက်သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့  အစည်းများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ် များနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၄)

  • မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေး ထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့  ကဏ္ဍအလိုက်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဥရောပအာရှ စီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်ခဲ့။

Add new comment