မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူ ဖြစ်စေမည်မဟုတ်4

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏  တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက် မြို့၌  ၂၀၂၄  ခုနှစ်၊  ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဥရောပ သမဂ္ဂကိုယ်စား  ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအ ခြေအနေ”ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည် ပြုချမှတ်ခဲ့ပါသည်။ ၎င်းဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲ ဖော်ပြချက်များအား မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ခြွင်းချက် မရှိ ပယ်ချကြောင်း၊ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည် မဟုတ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။

ထုတ်ပြန်ချက်

မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့် မျိုးစုံမှ ဖိအားပေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏  တံခါးဖွင့်အစည်းအဝေး တစ်ရပ်ကို နယူးယောက်မြို့၌  ၂၀၂၄  ခုနှစ်၊  ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏  လက်ရှိအခြေအနေကို ဆွေးနွေးခဲ့သည်။ 

ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ဧပြီလ ၅ ရက်အထိ ကျင်းပခဲ့ သည်။ ယင်းအစည်းအဝေးတွင်  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အပြန်အလှန် ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ၏ အပြန်အလှန် ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက် တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား  ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ”ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်အဆိုတွင် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများနှင့် ပတ် သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲ ဖော်ပြချက်များ ပါဝင်သည်ကို တွေ့ ရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျ ကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးနှင့်ပတ်သက်၍လည်း လို အပ်သူများထံ အချိန်နှင့် တစ်ပြေးညီ ပေးပို့နိုင်ရေး  အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း၌ ကုလသမဂ္ဂအဖွဲ့အစည်း  ၁၆  ဖွဲ့၏ ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိရရှိသော စာရင်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၌ နိုင်ငံခြားသားဝန်ထမ်း ၁၃၀ ကျော်၊ ပြည်တွင်းခန့် ဝန်ထမ်း ၁၆၀၀ ခန့်အပါအဝင် ဝန်ထမ်းစုစုပေါင်း ၁၇၀၀ ကျော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၏ သံရုံးများကို မြေပြင်လုံခြုံရေးအခြေအနေပေါ် မူတည်၍ ခရီးသွားရောက်ခွင့်ပြုခဲ့သည်။ လွန်ခဲ့သော သုံးနှစ်အတွင်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် ၁၀၀၀ ကျော်နှင့် မြန်မာနိုင်ငံ အခြေစိုက်သံရုံးများအား အကြိမ် ၆၀ ကျော် ခွင့်ပြုခဲ့သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများအား စုစုပေါင်း အကြိမ် ၂၅၀ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများအား အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။  သို့ဖြစ်ရာ ကုလသမဂ္ဂ၏ အစီရင်ခံစာအချို့နှင့် သတင်းထုတ်ပြန်ချက်အချို့တွင် အလေးပေးထား သည့် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များမှာ အခြေအမြစ်မရှိကြောင်း အတိအလင်း ဖော်ပြလိုသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂဘက်မှ အဆင့်မြင့်အရာရှိကြီးများ၏ အဆိုပြုခရီးစဉ်များကို ညှိနှိုင်းပေးခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ Under-Secretary-General နှင့် ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ Under-Secretary-General တို့၏ ခရီးစဉ်များအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ်စုစုပေါင်း ၁၉ ခုကို ညှိနှိုင်းပေး ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကို နှစ်နိုင်ငံ သဘောတူ ညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အသင့်ရှိသည်။ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြည့်အ၀ ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မစ တင်နိုင်သေးခြင်းမှာ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေအနေများကြောင့်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကို ဦးတည်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်အဆိုများနှင့် လုပ် ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက်ဆက်တွဲ အပြန်အလှန် ဆွေးနွေးမှုများသည် သက်ဆိုင်ရာ နိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသ ဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်ရေးကို အထောက် အကူမပြုရုံသာမက ကုလသမဂ္ဂ၏ အခြေခံမူများဖြစ်သည့် သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန် ကျမှု၊ ရွေးချယ်မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်နေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်သည်။ သို့ဖြစ်ရာ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံ နိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ခြွင်းချက်မရှိ ပယ်ချလိုက်သည်။ မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာ ရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသောနိုင်ငံများကို  အသိအမှတ်ပြု ကျေးဇူးတင်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ယခင်သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘစ်ရှော့ပ်အား ၎င်း၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး  လုပ်ပိုင်ခွင့်ပါဝင်သော ဆုံးဖြတ်ချက်အဆိုအပါအဝင် နိုင်ငံတစ်နိုင်ငံအပေါ် အရေးယူပစ်မှတ်ထားသည့် ဆုံးဖြတ် ချက်အဆိုများကို လက်မခံဘဲပယ်ချသော်လည်း ကုလသမဂ္ဂနှင့် အပြုသဘော ပူးပေါင်း ဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် ယခင်အထူးကိုယ်စားလှယ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိခဲ့သည်။ ယခု မစ္စဂျူလီ ဘစ်ရှော့ပ်အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဘက်က မြန်မာအစိုးရအား တရားဝင်အသိပေး အကြောင်းကြားမှုမရှိခဲ့ကြောင်း ဖော်ပြအပ်သည်။ 

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ် ဖိအားပေးမှုများသည်  အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည် မဟုတ်ကြောင်း၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့် အပြန် အလှန် ထိတွေ့ဆောင်ရွက်မှုတို့မှတစ်ဆင့်သာလက်တွေ့ကျ၍ အပြုသဘောဆောင် သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဖြစ်ကြောင်း အလေးထားဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)

  • မြန်မာအစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ စနစ်တကျ ကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိ။
  • ကုလသမဂ္ဂ၏ အစီရင်ခံစာအချို့နှင့် သတင်းထုတ်ပြန်ချက်အချို့တွင် အလေး ပေးထားသည့် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များမှာ အခြေအမြစ် မရှိကြောင်း အတိအလင်း ဖော်ပြလို။
  • ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေ ဖြင့် ပြတ်သားစွာ ပယ်ချပြီး ဆွေးနွေးမှုများအတွင်း မျှတစွာ ရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသောနိုင်ငံများကို  အသိအမှတ်ပြု ကျေးဇူးတင်။
  • မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုများသည် အပြုသ ဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည် မဟုတ်၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့် အပြန်အလှန် ထိတွေ့ဆောင်ရွက် မှုတို့မှတစ်ဆင့်သာ လက်တွေ့ကျ၍ အပြုသဘောဆောင်သော ပူးပေါင်းဆောင် ရွက်မှုဖြစ်မည်ဖြစ်။

 

Add new comment