မဲခေါင် - လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်း အောင်မြင်ပြီးမြောက်

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်း လုပ်ငန်းများ အောင်မြင်ပြီးမြောက်ကြောင်း ကြေညာခြင်းအခမ်းအနားကို ဧပြီလ ၈ ရက်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Mr. Zheng Zhihong နှင့် ကိုယ်စားလှယ်များ ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်းတာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-

  • မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁)ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ နှင့် တိရစ္ဆာန်နှင့်လူအကြား အပြန်အလှန်ကူးစက်တတ်သောရောဂါများ ကာကွယ် ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ကြောင်း။
  • စီမံကိန်း၏ အောင်မြင်မှုအထူးပြယုဂ်အနေဖြင့် မိမိတို့ဌာနတွင် အမှန်တကယ် လိုအပ်နေသော အအေးခန်းသိုလှောင်ရုံကြီးငါးခုနှင့် အရန်မီးစက် ငါးလုံးတို့ကို ကာကွယ်ဆေးများထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့်ပြင်ဦးလွင်ရှိ ဓာတ်ခွဲခန်း များနှင့် ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော်ရုံးချုပ် တို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း။
  • ထို့အပြင် ဓာတ်ခွဲခန်းကွန်ရက်စနစ်များကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ကာကွယ် ဆေးများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံ နှစ်လုံးကိုလည်း ထည့်သွင်းတည်ဆောက် နိုင်ခဲ့ပါကြောင်း။
  • သို့ဖြစ်၍ ဆေးစမ်းတိရစ္ဆာန်များ ဇီဝလုံခြုံမှုကောင်းမွန်စွာ မွေးမြူနိုင်ခြင်း၊ Animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူ စမ်းသပ်နိုင်ခြင်းတို့ကြောင့် ကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးကို အထောက် အကူပြုနိုင်ခဲ့ကြောင်း။
  • တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးများကို ပြည်တွင်း၌ နိုင်ငံ တကာစံချိန်စံညွှန်းများနှင့်အညီ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်သွားနိုင် မည်ဖြစ်၍ မိမိတို့နိုင်ငံအပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအတွက်လည်း အထူးအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်း (၄) ခုတွင်ပါဝင်သည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း သည် (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)

  • မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းသည် (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်းအောင်မြင်ပြီးမြောက်ခဲ့။

Add new comment