ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိနဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားအား ဧပြီလ ၆ ရက်တွင် တာချီလိတ် မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်း ကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာ တော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများ၊ ရပ်မိရပ်ဖများ၊ ဆရာတော် ဘုရားကြီး၏ ဆွေတော်၊ မျိုးတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ပူဇော်ခဲ့ကြပါသည်။

ဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်ဘုရားကြီးများက သံဝေဂသုံး ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သန်လျင်မင်း ကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပလွှမ်းခြုံကြပြီး သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာများကို သက်ဆိုင်ရာ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများက ဖတ်ကြားပူဇော်ကြပါသည်။

ဆက်လက်၍ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကို ဖတ်ကြား ပူဇော်ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများက ပံ့သကူသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အနီး သတ်မှတ် နေရာများတွင် တင်လှူပူဇော်ကြကာ လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ပင့်ဆောင်ကြပြီး ဆရာတော်၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ အစချီသော သံဝေဂဂါထာကို ရွတ်ပွားတော်မူကြကာ သာဓုသုံးကြိမ်ခေါ်ဆိုပြီး တေဇောဓာတ်ဖြင့် မီးပူဇော်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၄-၂၀၂၄)

  • ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီး ပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ကြွရောက်ချီးမြှင့် တော်မူပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်ပူဇော်ခဲ့။

 

 

Add new comment