အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့လှူဒါန်းသော Aarogya Maitri Cubes နှစ်စုံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော Aarogya Maitri Cubes နှစ်စုံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို မတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar နှင့်အဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar က Aarogya Maitri Cubes နှစ်စုံအတွက် သက်ဆိုင်ရာစာရွက်စာတမ်းများ၊ ဆေးနှင့်ဆေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်က လက်ခံရယူခဲ့ပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar နှင့် အဖွဲ့ဝင်များက ခင်းကျင်းပြသထားသည့် Aarogya Maitri Cubes ဆေးနှင့် ဆေးပစ္စည်း များ၊ သရုပ်ပြဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Aarogya Maitri Cubes သည် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာ သောထိခိုက်မှုများ (Natural Disaster)၊ လူသားတို့၏ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ် လာသောထိခိုက်မှုများ (Humantarian Crisis) တွင် အရေးပေါ်အသုံးပြုရန်အတွက် လိုအပ် သောဆေးပစ္စည်းများအား အကူအညီလိုအပ်သောနေရာများသို့ အမြန်ဆုံးပို့ဆောင် နိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ‘Aarogya Maitri Cubes တစ်စုံတွင် ပုံးငယ် ၇၂ ပုံးပါဝင်ပြီး ခွဲစိတ်ခန်းငယ်တစ်ခု၊ အထူးကြပ်မတ်ကုသခန်းငယ်တစ်ခု၊ ပြင်ပ လူနာဌာနတစ်ခု၊ ဓာတ်ခွဲခန်းငယ်တစ်ခု၊ ဓာတ်မှန်ဆိုင်ရာစက်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ကိရိယာများ၊ ရောဂါရှာဖွေသည့် Test Kit များ၊ ထမ်းစင်များ၊ မီးစက်များစသည်ဖြင့် အပြည့်အစုံပါဝင်ကြောင်း၊ အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်အတွက် Aarogya Maitri Cubes နှစ်စုံအား ယခုကဲ့သို့ လာရောက်လှူဒါန်းခြင်းဖြင့် အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအချင်းချင်းအကြား အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။     

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၄)

  • အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့ Aarogya Maitri Cubes နှစ်စုံအား မတ်လ ၂၉ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်က လက်ခံရယူခဲ့။
  • Aarogya Maitri Cubes တစ်စုံတွင် ပုံးငယ် ၇၂ ပုံးပါဝင်ပြီး ခွဲစိတ်ခန်းငယ်တစ်ခု၊ အထူးကြပ်မတ်ကုသခန်းငယ်တစ်ခု၊ ပြင်ပလူနာဌာနတစ်ခု၊ ဓာတ်ခွဲခန်းငယ်တစ်ခု၊ ဓာတ်မှန်ဆိုင်ရာစက်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးကိရိယာများ၊ ရောဂါရှာဖွေသည့် Test Kit များ၊ ထမ်းစင်များ၊ မီးစက်များစသည်ဖြင့် အပြည့်အစုံပါဝင်ကြောင်းသိရှိရ။

Add new comment