မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် မတ်လ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ကျေးရွာအနီးတွင်  ပိုင်စိုးမောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး   ၎င်းတို့၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀၀ ကိုလည်းကောင်း၊ မတ်လ ၂၄ ရက်တွင် မစိန်(ခ)သက်ထားကိုလည်းကောင်း၊ မတ်လ ၂၆ ရက်တွင် ဝိုင်အောင်မြင့်ကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ကျော်ရဲသူကို  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားနှင့် မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ဂေါ်ယုံဆင်းအား ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက် စစ်ဆေးဖော်ထုတ်ခဲ့ရာ  မတ်လ ၂၇ ရက်တွင် ဝိုင်အောင်မြင့် ငှားရမ်း နေထိုင်သည့်   ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၆၀,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။  စုစုပေါင်းဒေသကာလ တန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့် အတူ ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၄-၂၀၂၄)

  • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ။

Add new comment