ဘုတလင်မြို့နယ်၌ မီးငြှိမ်းသတ်ပြီး ပြန်လာသည့် မီးငြှိမ်းသတ်ယာဉ် တစ်စီးအား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိ

ဇန်နဝါရီလ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာ၏ ရွာစည်းရိုးအနီးတွင် စုပုံထားသည့် ပြောင်းရိုးပုံများအား အမျိုးသား ၁ ဦးက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်ကာ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက် ခဲ့ပါသည်။

မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့သည် မီးကြွင်းမီးကျန်များ မကျန်ရှိစေရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့သည် အခြားကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးသို့ ပြန်လည် ထွက်ခွာလာစဉ် ဘုတလင်-မုံရွာ ကားလမ်းမကြီး မိုင်တိုင်အမှတ် ၉၈ မိုင် ၇ ဖာလုံနှင့် ၉၉ မိုင်အကြား ရုံးတောကျေးရွာ လမ်းခွဲအရောက်၌ PDF အကြမ်းဖက်သမားများက မီးသတ်ယာဉ်အား လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါယာဉ်၏ ရှေ့လေကာ မှန်ကွဲအက်ပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး၏ နှာခေါင်းနှင့် ယာလက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာအချို့ရရှိခဲ့သဖြင့် ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိပါသည်။

PDF အကြမ်းဖက်သမားများသည် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့သလို ကိုယ်ကျိုးမဖက်အများအကျိုးထမ်းရွက်နေသည့် ပရဟိတအဖွဲ့အစည်းများ မီးသတ်တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်းများကို အသက်အန္တရာယ် ထိခိုက်သေကြေနိုင်သည်အထိ အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်မှုများနှင့် မိုင်းဖောက်ခွဲခြင်းများ ကျူးလွန်လျက်ရှိပါသည်။ ၎င်းတို့ လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် နိုင်ငံတကာအနေ ဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။                            

အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက မီးသတ်ယာဉ်အား လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး၏ နှာခေါင်းနှင့် ယာလက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာ အချို့ရရှိခဲ့။
  • PDF အကြမ်းဖက်သမားများသည် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့သလို ကိုယ်ကျိုးမဖက်အများအကျိုးထမ်းရွက်နေသည့် ပရဟိတအဖွဲ့အစည်းများ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများကို အသက်အန္တရာယ် ထိခိုက် သေကြေနိုင်သည်အထိ အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်မှုများနှင့် မိုင်းဖောက်ခွဲခြင်းများ ကျူးလွန်လျက်ရှိ

Add new comment