နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) ကို မတ်လ ၂၉ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ခန့်မှစ၍ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်း ဆောင်ချိန်တွင် ယခင်အနုတ်ပြခဲ့သည့် စီးပွားရေးမှ အပေါင်းလက္ခဏာသို့ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်မျှော်မှန်းသလောက် တိုးတက်မှုရှိရန် လိုအပ်သေးသည်ကိုတွေ့ရကြောင်း။
- မိမိတို့အစိုးရသက်တမ်းတွင် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၌ အခြေခံအကျဆုံးနှင့် နိုင်ငံသူနိုင်ငံသားအများစုနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ခဲ့ကြောင်း။
- နိုင်ငံရေးအရ မိမိတို့နိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာပြုလုပ်ခဲ့သကဲ့သို့ မြေအောက်ထွက်ကုန် ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့နိုင်ခဲ့သော်လည်း ရရှိသည့်ငွေကြေးများ သုံးစွဲ၍မရအောင်ပြုလုပ်ခဲ့ကြကြောင်း။
- ယင်းအခက်အခဲများကြားမှ နိုင်ငံစီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ပကြွေးမြီများကိုလည်း ၃ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း၊ ပြန်ဆပ်ငွေအများစုမှာလည်း ယခင်အစိုးရအဆက်ဆက် ချေးယူခဲ့သည့် အရင်းငွေ များဖြစ်ကြောင်း။
- စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ (Agro Base Industry) ကို တန်ဖိုးမြင့်ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက် နိုင်ရန်လိုကြောင်း။
- မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာခြင်းဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာမည်ဖြစ်ကြောင်း။
- မြေပေါ်မြေအောက်သယံဇာတများ ထုတ်ယူရောင်းချခြင်း၊ သစ်တောပစ္စည်းများ ထုတ်ယူရောင်းချရာတွင်လည်း အလွန်အကျွံထုတ်ယူခြင်းထက် စည်းမျဉ်းစည်းကမ်းများနှင့် အညီသာခွင့်ပြုဆောင်ရွက်ရန်လိုကြောင်း။
- မိမိတို့နိုင်ငံတွင်စက္ကူ ထုတ်လုပ်နိုင်သည့် သစ်နှင့်ဝါးများစွာရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သကဲ့သို့ ပြန်လည်ဖြည့်တင်း စိုက်ပျိုး ထိန်းသိမ်းရန်လည်းလိုကြောင်း။
- နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အထောက်အကူပြုစေသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက်လည်း ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
- ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများအခြေခံမှန်ကန်ခိုင်မာစေရေး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဆောင်ရွက်၍မရကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီဝင်များက တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပါဝင် ပူးပေါင်းဆောင်ရွက်မှုရှိသည့်နေရာများတွင် အမြန်ဆုံးတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ၊ ကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရေး စီစဉ်ဆောင်ရွက်ပေးသင့်သည် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-
- ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျသဖြင့် တည်ငြိမ်အေးချမ်းမှုလိုအပ် လျက်ရှိသည့် ဒေသများမှ ပြည်သူလူထုအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
- ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေးနှင့် လူငယ်များအတွက် ကောင်းမွန်သည့် စိတ်ဓာတ်များမွေးမြူရရှိနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း တိုက်တွန်းကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၄)
- နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ခန့်မှစ၍ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်း ဆောင်ချိန်တွင် ယခင်အနုတ်ပြခဲ့သည့် စီးပွားရေးမှ အပေါင်းလက္ခဏာသို့ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့။
- နိုင်ငံရေးအရ မိမိတို့နိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာပြုလုပ်ခဲ့သကဲ့သို့ မြေအောက်ထွက်ကုန် ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့နိုင်ခဲ့သော်လည်း ရရှိသည့်ငွေကြေးများ သုံးစွဲ၍မရအောင်ပြုလုပ်ခဲ့။
- ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျသဖြင့် တည်ငြိမ်အေးချမ်းမှုလိုအပ်လျက်ရှိသည့် ဒေသများမှ ပြည်သူလူထုအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လို။
Add new comment