မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကျင်းပ

မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတည်ထောင်ခြင်း (၈) နှစ်မြောက် နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုသောအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ KMA နေပြည်တော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ  ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင် အထည်ဖော်ခဲ့သည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင်-

  • မဲခေါင်မြစ်နှင့်ဆက်စပ်၍ တည်ထောင်အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်း ဆောင်ရွက်ရေးယန္တရားများနှင့် အစီအစဉ်များအနက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် အအောင်မြင်ဆုံးပူးပေါင်းဆောင်ရွက်မှုတစ်ခုဟု ဆိုနိုင်ကြောင်း။
  • မဲခေါင်-လန်ချန်း အထူးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာသန်း ၃၀၀ မတည် ထူထောင် ထည့်ဝင်ပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးအထူးတင်ရှိကြောင်း။
  • အနာဂတ်တွင်လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား ပိုမိုခိုင်မာ စေရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း။
  • မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု လက်ရှိပူးတွဲဥက္ကဋ္ဌ ထိုင်းနိုင်ငံနှင့်လည်း အပြည့်အဝပူးပေါင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ခိုင်မာသောကတိကဝတ် ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။  

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၈ နှစ်တာကာလအတွင်းဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်းချိတ်ဆက်မှုစသည့်ကဏ္ဍများတွင် တိုးတက်မှုများစွာရရှိခဲ့ကြောင်း။
  • လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက် စေရေး စီမံကိန်းစုစုပေါင်း ၇၀၀ ကျော်အား‌ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း။
  • ယမန်နှစ်က တရုတ်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ သုံးပုံတစ်ပုံခန့်ဖြစ်ကြောင်း။
  • တရုတ်နိုင်ငံ၏ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုသည် မြန်မာနိုင်ငံနှင့် အခြားမဲခေါင်နိုင်ငံ များအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်လာနိုင်သည့်နည်းတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တွန်းအားများဖြစ်ပေါ်စေနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုဧည့်ခံပွဲအား ဆက်လက်ကျင်းပ ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့က လာရောက်ဖျော်ဖြေတင် ဆက်သော အနုပညာရှင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။   

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၄)

  • မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတည်ထောင်ခြင်း (၈) နှစ်မြောက် နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုသောအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့် သံတမန်များ တက်ရောက်ခဲ့။
  • အနာဂတ်တွင်လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား ပိုမိုခိုင်မာ စေရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ပြောကြားခဲ့။
  • တရုတ်နိုင်ငံ၏ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုသည် မြန်မာနိုင်ငံနှင့် အခြားမဲခေါင်နိုင်ငံ များအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်လာနိုင်သည့်နည်းတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တွန်းအားများဖြစ်ပေါ်စေနိုင်ကြောင်း သံအမတ်ကြီး မစ္စတာချန်းဟိုင် ပြောကြားခဲ့။

Add new comment